၁၄ ဇန်နဝါရီ

 

 

သီရိလင်္ကာ နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဦးရေ ၆၀၀ ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၅၀၀၀၀ ကျော် ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅၀၂၂၉ ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၄၃၂၆၇ ဦး ရှိသည်။

 

 

ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၄၇ ဦး ရှိသည်။

 

 

သီရိလင်္ကာ နိုင်ငံသည် လက်ရှိ အခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယ ကူးစက်မှုလှိုင်းဖြင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့် ရက်များက အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး အပါအဝင် ပါလီမန် အမတ်သုံးဦး ရောဂါကူးစက်မှု ခံခဲ့ရသည်။

 

 

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သော ပါလီမန် အစည်းအဝေးတွင် ပါလီမန် အမတ်သုံးဦးနှင့် ထိစပ်မှုရှိသည့် ပါလီမန်အဖွဲ့ဝင် ၃၂ ဦး ထက်မနည်း သီးသန့်ခွဲနေထိုင်ရသည်ဟု  တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ၎င်းတို့ကို ပီစီအာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

 

 

လာမည့် သီတင်းပတ်တွင် ပါလီမန် အစည်းအဝေးများ ပြန်လည်ပြုလုပ်ရန် ပီစီအာ စစ်ဆေးမှုများကို သောကြာနေ့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို