၁ နိုဝင်ဘာ

ဗြိတိန်နိုင်ငံက ပို့ဆောင်ခဲ့တဲ့ အမှိုက်တွေထည့်ထားတဲ့ ကွန်တိန်နာ ၂၄၂ ခုကို သီရိလင်္ကာနိုင်ငံကနေ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း၊ အမှိုက်တွေထဲမှာ ရေခဲတိုက်တွေမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ပါရှိကြောင်း သိရပါတယ်။ 

သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့မှ အမှိုက်တွေကို ဗြိတိန်နိုင်ငံကိုပြန်ပို့ရန် နှစ်နှစ်ကြာ တရားရင်ဆိုင်ခဲ့ပြီးမှ အမှိုက်တွေ အခုလို ပြန်လည်ပို့ဆောင်နေတာလို့ သိရပါတယ်။ 

အမှိုက်ကွန်တိန်နာတွေထဲက ပထမအလုံး ၂၀ အတွင်းမှာ ဆေးပညာဆိုင်ရာ အမှိုက်တွေဖြစ်ပြီး အဲဒီထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ပါဝင်ကြောင်း သိရပါတယ်။  အဲဒီအမှိုက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်အတွင်းမှာ နောက်ထပ် အမှိုက်ကွန်တိန်နာ ၆၅ လုံးကို ပြန်ပို့မယ်လို့ ဆိုပါတယ်။ 

သီရိလင်္ကာတရားရုံးက အမှိုက်ကွန်တိန်နာတွေကို ဗြိတိန်နိုင်ငံကိုပြန်ပို့ရန် ပြီးခဲ့တဲ့သီတင်းနှစ်ပတ်က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အမှိုက်တွေဟာ သီရိလင်္ကာနိုင်ငံကို စက်တင်ဘာ ၂၀၁၇ ကနေ ဇန်နဝါရီ ၂၀၁၈ အတွင်းမှာ ရောက်ရှိတာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်ရရှိခဲ့တဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သီရိလင်္ကာနိုင်ငံသို့ တရားမဝင်ရောက်ရှိခဲ့တဲ့ အမှိုက်တန်ချိန် ၃၀၀၀ နီးပါးရှိကြောင်း အဲဒီထဲက အမှိုက်တန် ၁၈၀ နီးပါးဟာ အိန္ဒိယနဲ့ ဒူဘိုင်း နိုင်ငံတို့ကနေ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ 

သီရိလင်္ကာနိုင်ငံကဲ့သို့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကလည်း အမှိုက်ကွန်တိန်နာ ရာချီပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပေးနေတာကို တွေ့ရပါတယ်။

MDN
ကိုးကား - AFP