ရန်ကုန်၊ မတ် ၁၈
ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်း၀င် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ (၅၅) ကြိမ်မြောက် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အဆိုပါ စေတီတော်ဂေါပကအဖွဲ့ရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဇော်ဇော်ဦး၊ ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေး၀တ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်သော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့၏ စီမံရေးရာဂေါပက က ဆောင်ရွက်ချက် အစီရင်ခံစာ အကျဉ်းချုပ်ကိုရှင်းလင်းလျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ထံမှ သြဝါဒကထာ နာယူကြည်ညိုကြကာ ဂေါပကအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက လှူဖွယ်၀တ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေပြီး သြဝါဒါ စရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
သတင်းစဉ်