ရန်ကုန် နိုဝင်ဘာ ၂

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးတွင် (၂၄) ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ၁၃၈၆-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ရက် (ကြာသပတေးနေ့) ညနေ ၄နာရီခွဲတွင် ဖွင့်ပွဲအခမ်းအနားကျင်းပ၍ မသိုးသင်္ကန်းတော်များ ရက်လုပ် ကာ  တန်ဆောင်မုန်းလပြည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၅ ရက် (သောကြာနေ့) နံနက် အာရုံမတက်မီ နံနက် ၄ နာရီခွဲတွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း။

ယင်းနောက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ပြီး နံနက် ၆ နာရီတွင် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာကြားကာ ကုသိုလ်အမျှပေးဝေကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဒ္ဓါကြည်လင်ပါရမီရှင်များအနေဖြင့် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲသို့ ကြွရောက်၍ ကြည်ညိုသဒ္ဓါပွားများပြီး တတ်အားသရွေ့ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရှိရပြီး လှူဒါန်းလိုပါက ဂေါပက အဖွဲ့ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဇော်မင်းလတ်(MNA)