ရန်ကုန် မေ ၈
မရမ်းကုန်မြို့နယ်၊ ကမ္ဘာအေးမြေတွင် တည်ထားကိုးကွယ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာ သာသနာ့ သမိုင်းဝင် သီရိမင်္ဂလာစေတီတော်၌ လုံးတော်ပြည့် မျက်ပါး ရွှေသင်္ကန်း ကပ်လှူမှုလုပ်ငန်းနှင့် ကြာမှောက်ကြာလန်တို့တွင် ရွှေစင်ရွှေသားရွှေပြား သင်္ကန်းတော်များ ကပ်လှူပူဇော်မှု လုပ်ငန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ပြီးစီးအောင်မြင်ပြီးဖြစ်ကြောင်း သိရသည်။
လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်း ကပ်လှူပူဇော်မှု လုပ်ငန်းများကို ၄ နှစ်တစ်ကြိမ် ပုံမှန် ကပ်လှူရသော လုပ်ငန်းဖြစ်သောကြောင့် ကြာမှောက်ကြာလန်၌ ယခင်က မျက်ပါး ရွှေသင်္ကန်းသာ ကပ်လှူထားရာမှ ယခုရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များ ပြောင်းလဲ ကပ်လှူခဲ့ခြင်းဖြစ်သည်၊ စေတီတော်အပေါ်ပိုင်း ငှက်ပျောဖူးပေါ်တွင် ၉ လက်မပတ်လည် ရွှေစင်တစ်ကျပ်သား ရွှေပြားများ ၄၃၉ ချပ် အပြည့်ကပ်လှူထားပြီး ငှက်ပျောဖူး ပေါ်အောက် ကြာမှောက်ကြာလန်ကို ကျော်၍ ဖောင်းရစ်တော်တွင် ၉ လက်မပတ်လည် ရွှေစင် တစ်ကျပ်သားအပြား ၃၁၆ ချပ်ကို ကပ်လှူပူဇော် ထားပြီးဖြစ်သော်လည်း ကြာမှောက် ကြာလန်တွင် ရွှေစင်ရွှေသား ရွှေကြာသင်္ကန်းတော်များကို ယခုမှ စတင်ကပ်လှူရခြင်း ဖြစ်သည်။
ကြာမှောက်ကြာလန် အစိတ်အပိုင်းအားလုံးများအတွက် ရွှေစင်ရွှေသား ၁၃ ပိသာခန့် လိုအပ်သော်လည်း ယခုအခါ အလှူခံရရှိပြီးဖြစ်သော ရွှေချိန် ၃ ပိသာခွဲခန့်ကိုသာ ကြာမှောက်ကြာလန် အထက်ပိုင်း လေးပုံတစ်ပုံခန့်ကိုသာ ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။ ကျန်လေးပုံသုံးပုံ ကြာမှောက်ကြာလန် အပိုင်းကိုလည်း အလှူခံရရှိမှုပေါ် မှုတည်၍ တစ်ဖြည်းဖြည်းချင်း ဆက်လက် ကပ်လှူသွားမည်ဖြစ်ပါသဖြင့် အလှူရှင်များမှ ရွှေသင်္ကန်းအလှူတော်များကို ဆက်လက် လှူဒါန်းနိုင်ပါကြောင်းဖြင့် ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ရှင်းလင်းပြောကြားသည်။
ရွှေသင်္ကန်း ကပ်လှူမှုလုပ်ငန်းများ အောင်မြင် ပြီးမြောက်ပြီးဖြစ်၍ မကြာမီကာလတွင် ရွှေ သင်္ကန်း ကပ်လှူမှုအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပရန်ရှိကြောင်း သိရသည်။
သတင်းစဉ်