နေပြည်တော် ၂၉ ဒီဇင်ဘာ
ဆဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၏ အပေါ်ရင်ပြင် တော်ပတ်လမ်းအား Natural Clay ခင်း အဆင့်မြှင့်တင် မွမ်းမံပြုပြင်ကပ်လှူပူဇော်ခြင်း အောင်ပွဲအလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေရှိ စေတီတော်ရင်ပြင်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် ကန်ဦးဇေတဝန် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာမိဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက် တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များရွတ်ပွား ချီးမြှင့်တော်မူကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ ရွှေသံလွင်ကုမ္ပဏီ နာယက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဒေါ်နီနီက စေတီတော်၏ ကြာမှောက်ကြာလန်တွင် ရွှေစင်ရွှေသား သင်္ကန်းတော်များ ကပ်လှူပူဇော်ရန်အတွက် ငွေကျပ် ၈၅ သိန်း ၅ သောင်း တန်ဖိုးရှိ ရွှေစင် ၁ ကျပ်သားစီရှိသော ရွှေစင်ရွှေပြား(၉)ပြားကို ပေးအပ်လှူဒါန်းပြီး အလှူမင်္ဂလာအခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ဂေါပက အဖွဲ့ဝင် ဦးလှထွန်းက အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။
ထို့နောက် ကန်ဦးဇေတဝန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် အမျှပေးဝေကြသည်။
ယင်းနောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၏ အပေါ်ရင်ပြင်တော်ပတ်လမ်းကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
(သတင်းစဉ်)