နေပြည်တော် သြဂုတ် ၂၀

ကမ္ဘာနှင့်အဝန်းပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်များကြောင့် ရေလှောင်တမံများ အတွင်း ရေဝင်ရောက်မှုလျော့နည်းလာလျက်ရှိသော်လည်း စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှု မရှိစေရန် ဖြစ်နိုင်စွမ်းရှိသော ရေရရှိရေးလုပ်ငန်းများကို စူးစမ်းဆောင်ရွက်လျက်ရှိ ကြောင်း ၊ ယမန်နေ့က ဇေယျာသီရိမြို့နယ်၊ သက်နှင်းအင်းကျေးရွာအနီး၊ ပြွန်သုံးလုံး ရှေ့တန်းစခန်းတွင် ရေဆင်းဆည်ရေသောက် ရေအသုံးချသူများအဖွဲ့ (WUG) ခေါင်းဆောင်များနှင့်တွေဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး က စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် သီးနှံအလိုက် ရေလိုအပ်ချက်ကို စနစ်တကျ ပေးဝေနိုင်ရေးအတွက် တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးသည့်သီးနှံနှင့် စိုက်ပျိုးချိန်တူညီရန်လိုကြောင်း၊ ဒေသနေတောင်သူတိုင်း အဆင်ပြေ ပြေ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့် စည်းလုံးညီညွတ်သော ဒေသအဖြစ် တိုးတက်ဖွံ့ဖြိုးလာ ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများ ပြုလုပ်၍ မိမိတို့အားလုံး ပူးပေါင်းပါဝင်ကြရန် လိုကြောင်း ၊ ရေဆင်းရေလှောင်တမံ ၏ ရေဝေရေ လဲဒေသအတွင်း မိုးရွာသွန်းမှုနည်းပါး လာခြင်းကြောင့် ဆည်ရေသိုလှောင်နိုင်မှု လျော့ကျလျက်ရှိရာ စိုက်ပျိုးရေနှင့် ဒေသသောက်သုံးရေ ပေးဝေနိုင်ရန် အခက်အခဲကြုံတွေ့နေရမှုအပေါ် အကောင်းဆုံး ကျော်လွှားနိုင်ရေးနှင့် ဒေသ၏သီးထပ်စွမ်း အားတိုးမြင့်ရေးအတွက် ရေကူလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံအလိုက် ရေလိုအပ်ချက်အတိုင်း ပေးသွင်းစိုက်ပျိုးနိုင်ရန်နှင့် ရေအလေအလွင့် မရှိပေးဝေနိုင်ရန် အနည်းဆုံးရေလိုအပ်ချက်ကို ချွေတာသုံးစွဲခြင်းကို တောင်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်ကျေးရွာနှင့် ရွာသစ်ကျေးရွာ အနီးရှိ ကျွန်းရောင်း-အိုင်စောက်-ပေါင်းလောင်း ရေနုတ်မြောင်းပေါ်တွင် တည်ဆောက်ထား သော ရေသောက်စနစ် အပေါ်ပိုင်း လယ်မြေများရှိ စွန့်ထုတ်ရေကို ပြန်လည်အသုံးပြုနိုင်ရန် တည်ဆောက်ထားသော ရေမြှင့်ရေထိန်းတံခါး အဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်