ပြင်ဦးလွင်၊ ဖေဖော်ဝါရီ ၁၉
သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရဦးစီးမှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ “သီတဂူဆန်ချီစေတီတော်” တည်ထားမှုအား ထီးတော် တင်လှူပူဇော်ကြသည်။
ငါးပါးသီလ ခံယူဆောက်တည်
ရှေးဦးစွာ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များက ပရိတ်တရားတော် များ ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ သီတဂူဆန်ချီ စေတီတော်တွင် တင်လှူပူဇော်မည့် ထီးတော်၊ ငှက်မြတ်နားတော် နှင့် စိန်ဖူးတော်တို့ကို အလှူရှင်များနှင့် တက်ရောက်လာကြသူများက လက်ယာရစ်သုံးပတ် ပင့်ဆောင် ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို ဦးစီးသည့်အလှူရှင်များက သီတဂူ ဆန်ချီစေတီတော်အား ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တို့ကို တင်လှူပူဇော်ကြပြီး နံ့သာ ရည်များပက်ဖျန်းကာ ရွှေမိုးငွေမိုး များ ရွာသွန်းဖြိုးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က မဟာဗောဓိညောင်ပင် သုံးပင်နှင့် မဟာဗောဓိလင်းလွန်းပင် တစ်ပင်တို့ကို အင်္ဂါထောင့်မှစ၍ စိုက်ပျိုးပူဇော်ပြီး နံ့သာရည်ပက်ဖျန်းပေးကြသည်။ ဆက်လက်၍ သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော် များက ဘုရားအနေကဇာတင် ရွတ်ဖတ် ပူဇော်ကြသည်။
ထို့နောက် အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော် သံဃာတော်များထံ ပေးအပ် လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဝင် ဦးမောင်ကို က ငွေကျပ်သိန်း ၂၀၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀၊ ဒေါ်ဒီပက်ရာထေရီက ငွေကျပ် သိန်း ၆၀၊ တော်ဝင် ဦးကိုကိုထွေး မိသားစုက ငွေကျပ်သိန်း ၄၀၊ မောရိယမန်းဆေး မိသားစုက ငွေကျပ်သိန်း ၂၀ အပါအဝင် အလှူရှင်များက ငွေပဒေသာပင်များ လှူဒါန်းကြကာ ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များထံမှ အနုမောဒနာတရား နာယူ ကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့် ဧည့်ပရိသတ်များ က စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက် သီတဂူဆန်ချီစေတီတော် ထီးတော်တင် မင်္ဂလာအခမ်းအနားကို သီတဂူအဓိဋ္ဌာန် သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်သည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
သီတဂူ ဆန်ချီစေတီတော်ကြီးအား အိန္ဒိယနိုင်ငံ ဆန်ချီမြို့အနီးတွင် အေဒီ (၃) ရာစုအတွင်း အသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဆန်ချီစေတီတော်ကြီးပုံစံဖြင့် သီတဂူဆရာတော်ကြီး ဘဒ္ဒန္တဉာဏိဿရ ဦးဆောင်၍ အလှူရှင်များစုပေါင်းပြီး ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ မြေ ဧရိယာ ၂ ဒသမ ၁၉ ဧကပေါ်တွင် ၂၀၂၂ ခုနှစ် မေ ၉ ရက်က မြေသန့် ပန္နက်တင်ကာ ၂၀၂၂ ခုနှစ် မေ ၁၄ ရက် (ကဆုန်လပြည့်နေ့)က အုတ်မြစ်တော်စီ မင်္ဂလာပြုလုပ်၍ စေတီတော်ရင်ပြင် အမြင့်သုံးပေပေါ်၌ စေတီတော်ဉာဏ်တော် အမြင့် ၃၇ ပေဖြင့် ကိုးလကြာ တည်ထားကိုးကွယ်ခဲ့ရာ ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် တွင် ထီးတော်တင်လှူပူဇော်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြစ်သည်။
စေတီတော်အတွင်း၌ “မာရ ဝိဇယ”ဘွဲ့တော်ဖြင့် မဟာဗောဓိ ကြေးသွန်း ဆင်းတုတော်ကြီးနှင့် အတူ အစောဆုံးဆင်းတုဖြစ်သော အေဒီ (၁) ရာစုခန့်က ထုလုပ်ကိုးကွယ်ခဲ့သည့် အိန္ဒိယနိုင်ငံ မထူရာခေတ် ဆင်းတုတော်ပုံစံ အပါအဝင် အေဒီ (၁၉) ရာစုခန့် ရတနာပုံခေတ်လက်ရာ ဆင်းတုတော်အထိ နိုင်ငံစုံမှ ဆင်းတုတော် ပုံစံမျိုးစုံ ၃၂ ဆူဖြင့် ထည့်သွင်းထုလုပ်ပူဇော်ထားပြီး စေတီတော်တစ်ခုလုံးအတွက် ငွေကျပ်သိန်း ၆၀၀၀ ကျော် အသုံးပြုထားကြောင်း သိရသည်။
သတင်းစဉ်