မုံရွာ အောက်တိုဘာ ၃၁
သီတဂူဆရာတော်ကြီး၏ နာဂဒေသ တောင်ပေါ်မြေပြန့်၌ သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ သီလရှင်တို့အား နဝကမ္မ၊ ဆွမ်းဆန်၊ ဆီ၊ ဆေး ပစ္စည်းလေးပါး အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ရွှေပြည်သာ အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာအရှင် ဉာဏိဿရ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ဒေသ/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး သီတဂူဆရာတော်ကြီးက လဟယ်မြို့နယ် နှင့် နန်းယွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ထောက်ပံ့လှူဒါန်းသည့် စတုပစ္စယ လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက ဆရာတော်များထံ ဆက်ကပ်လှူဒါန်း ကြသည်။
ဆက်လက်၍ ဗီယက်နမ်နိုင်ငံမှ သီလရှင်ဆရာလေး ဒေါ်ဟေမမာလာက လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ထောက်ပံ့လှူဒါန်းသည့် စတုပစ္စယ လှူဖွယ်ပစ္စည်းများကို ဆရာလေးနှင့် တာဝန်ရှိသူများက သီလရှင် ဆရာလေးများအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ထောက်ပံ့ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်လျှောက်ထားသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက သီတဂူအဓိဌာန် ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ နဝကမ္မ၊ ဆွမ်းဆန်၊ ဆီ၊ ဆေး ပစ္စည်းလေးပါး အလှူတော် မင်္ဂလာအခမ်းအနားတွင် လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၈ ကျောင်းမှ ရဟန်း/ သာမဏေ ၁၁၆ ပါး၊ သီလရှင် ၁ ကျောင်းမှ သီလရှင် ၄၃ ပါးတို့အား တစ်ကျောင်းလျှင် ငွေကျပ် ၅ သိန်း၊ ဆန် ၁ အိတ်၊ ဆီ ၅ ပိဿာ၊ ပစ္စည်းလေးပါးနှင့် ခရစ်ယာန်ကျောင်း ၃ ကျောင်းအား တစ်ကျောင်းလျှင် ငွေကျပ် ၅ သိန်း၊ ဆန် ၁ အိတ်၊ ဆီ ၅ ပိဿာတို့ကို လှူဒါန်းထောက်ပံ့ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း ၄၈ ကျောင်း၊ သီလရှင် ၁ ကျောင်းတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တစ်ကျောင်းလျှင် ငွေကျပ် ၁ သိန်းစီ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ် ၁ သိန်းစီနှင့် ခရစ်ယာန်ကျောင်း ၃ ကျောင်းကို တစ်ကျောင်းလျှင် ငွေကျပ် ၃ သိန်းစီ လှူဒါန်းထောက်ပံ့ကာ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း ၂၇၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်