စစ်ကိုင်း ဩဂုတ် ၂၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် စစ်ကိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီရိပ်သာ၌ နိုင်ငံတော်ဩဝါဒါစရိယ၊ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒခံယူသည်။
ထိုသို့ ဖူးမြော်ကြည်ညိုစဉ် သီတဂူဆရာတော်ကြီးက ကမ္ဘာတွင် ထေရဝါဒဗုဒ္ဓဘာသာ၏ ဗဟိုချက်မ ဖြစ်စေရန်၊ မြန်မာနိုင်ငံတွင် World Buddhist Conference ကမ္ဘာ့ဗုဒ္ဓညီလာခံကျင်းပ နိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ သာသနာနှစ် ၂၄၁၅ ခုနှစ်၊ မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါယနာတင်နိုင်ခဲ့ပြီး ကျောက်စာချပ်ရေ ၇၂၉ ချပ်ဖြင့် ကမ္ဘာတည်သရွေ့ မပျက်ပြယ်သည့် ကျောက်ထက်အက္ခရာတင်နိုင်ခဲ့ပါကြောင်း၊ သာသနာတော်နှစ် ၂၄၉၈ ခုနှစ်၊ သမ္မတ ဦးဘဦးနှင့် ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ဘုရားဟော ပိဋကတ်တော်များကို ပုံနှိပ်မှတ်တမ်းတင်၍ ဆဋ္ဌသင်္ဂါယနာတင်နိုင်ခဲ့ကြောင်း၊ သာသနာနှစ် ၂၅၆၇ ခုနှစ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် ပိဋကတ်သုံးပုံ ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်ကို ပါဠိ- ရိုမန် နှစ်ဘာသာ ရေးထိုး၍ ကျောက်စာချပ်ရေ ၇၂၀ ဖြင့် ကမ္ဘာ တည်သရွေ့မပျက်စီးနိုင်သော ကျောက်ထက်အက္ခရာ တင်နိုင်ခဲ့သည့် ကမ္ဘာသမိုင်း မှတ်တမ်းထူနိုင် ခဲ့ကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို Preservation, Promotion, Propagation တည်တံ့၊ မြှင့်တင်၊ ပြန့်ပွားအောင် စသည့် အချက်(၃) ချက်နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ကြောင်း မိန့်ကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီတဂူဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီရိပ်သာအတွင်းရှိ အဘိဓဇစေတီတော်အတွင်း တည်ထားကိုးကွယ်တော်မူ သော နှစ်ကျိပ်ရှစ်ဆူကျောက်ဆင်းတုတော်များ၊ ပြည်ပနိုင်ငံအသီးသီးမှ စေတီပုထိုးပုံစံများအတိုင်း တည်ထားပူဇော်ထားသော စေတီပုထိုးများ၊ စစ်ကိုင်းရာဇမဏိစူဠာကောင်းမှုတော်ဘုရားနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးတို့အား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်