အောင်လံ ၂၅ နိုဝင်ဘာ
အောင်လံမြို့ ရွာထောင်ရပ်ကွက်ရှိ သီတဂူဇောတိက စက္ခုဒါနဆေးရုံ၌ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော်ဘုရားကြီး၏လမ်းညွှန်မှု၊ သီတဂူရွှေပြည်ဟိန်း ဆရာတော်၏ အနီးကပ် ကြီးကြပ်မှုဖြင့် မျက်စိဝေဒနာရှင်(၂၃၄)ဦးအား အခမဲ့ ခွဲစိတ် ကုသမှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း စက္ခုဒါနဆေးရုံတာဝန်ခံဆရာတော် သီတဂူ အရှင်ဇောတိက ထံမှ သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုကို မျက်စိအထူးကုပါမောက္ခ(ငြိမ်း) ဒေါက်တာမြအောင်နှင့် မျက်စိအထူးကု ဆရာဝန်ကြီး များမှ အလှည့်ကျ ခွဲစိတ်ကုသပေးကြခြင်းဖြစ်ပြီး နိုဝင်ဘာလ(၂၁)ရက်နေ့တွင် လူနာ(၈၂) ဦး၊ (၂၃)ရက်နေ့တွင် လူနာ(၈၇)ဦး၊ (၂၄)ရက်နေ့တွင် လူနာ(၆၅)ဦး၊ စုစုပေါင်း မျက်စိ ဝေဒနာရှင် (၂၃၄)ဦးတို့အား ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။
ခွဲစိတ်ကုသခြင်း လုပ်ငန်းများအတွက် ဆရာဝန်ကြီးများ၏ သွားလာနေထိုင်စားသောက်မှုနှင့် ဆေးဝါး တို့အတွက် ကုန်ကျစရိတ် အားလုံးတို့၏အလှူရှင်မှာ ရန်ကုန်မြို့နေ သီတဂူ ဦးစိုးပိုင်+ သီတဂူဒေါ်ခင်မြတ်ဆွေ (ပိုင်−ကုမ္ပဏီ) မိသားစုတို့၏ ကောင်းမှုဖြစ်ပြီး၊ လူနာများအတွက် အာဟာရ အလှူရှင်များမှာ သီတဂူအရှင်ဇောတိကနှင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာများ၏ စုပေါင်း ကောင်းမှု ကုသိုလ်ဖြစ်ကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)


