ကတ္တမန္ဒူး (နီပေါ) ဒီဇင်ဘာ ၁

 

နီပေါနိုင်ငံဝန်ကြီးချုပ်၏ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံသို့ ကြွရောက်လာသည့် နိုင်ငံတော် သြဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးသည် လုမ္ဗိနီ၌ သီတင်းသုံးနေစဉ် ကာလအတွင်း နိုဝင်ဘာ ၃၀ ရက် က လုမ္ဗိနီဥယျာဉ်အတွင်းရှိ မယ်တော်မာယာကျောင်းဝင်းအတွင်းသို့ ကြွရောက်တော်မူသည်။

 

ထို့နောက် မြန်မာအစိုးရနှင့် စေတနာရှင် ပြည်သူများ လှူဒါန်းတည်ထားကိုးကွယ်သည့် မြန်မာ ရွှေကျောင်းတော်သို့ ကြွရောက်ပြီး မြန်မာရွှေကျောင်း ပရိဝုဏ်အတွင်း ရွှေတိဂုံစေတီတော်ပုံတူ တည်ထားကိုးကွယ်သည့် လောကမဏိစူဠာစေတီတော်ကို သွားရောက်ဖူးမြော်ကာ စေတီတော်ဝင်းအတွင်း ဆရာတော်ကြီးနှင့် ဒါယကာ၊ ဒါယိကာမများက လှူဒါန်းတည်ဆောက်ထားသည့် အာသောက ကျောက်စာတိုင်များ ချို့ယွင်းနေမှုများအပေါ် ပြင်ဆင်ရန် ကိစ္စရပ်များနှင့် စေတီတော်ကြီးနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်ရှိသည်များ၊ မြန်မာရွှေကျောင်းတော်ကြီးအတွင်းရှိ သာသနိကအဆောက်အအုံများ အရှည်တည်တံ့ရေးနှင့် ဘုရားဖူးလာပြည်သူများ အဆင်ပြေစွာတည်းခိုနိုင်ရေး ကိစ္စရပ်များ စီစဉ်ထားရှိမှုများနှင့် ပတ်သက်၍ တင်ပြမှုများအပေါ် လိုအပ်သည်များ မိန့်ကြားသည်။

 

လောကမဏိစူဠာစေတီတော် သည် ၁၉၉၅ ခုနှစ် မေလတွင် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်၌ မြန်မာ နိုင်ငံ၏ ပထမဆုံး သာသနိက အဆောက်အအုံအလှူအဖြစ် မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လှူဒါန်းမှုဖြင့် စတင်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော် ပုံတူဉာဏ်တော် ၇၂ ပေရှိသည့် စေတီတော်ဖြစ်သည်။

 

သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် Thousands of Buddha Temple ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဖိတ်မှုအရ ကြွရောက်ရာ Thousands of Buddha Temple ကျောင်းထိုင် ဆရာတော်၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဒါယကာ၊ ဒါယိကာမများက ကြိုဆိုကြပြီး သီတဂူ ဆရာတော်ကြီးက ဓမ္မမိတ်ဆွေ များအား ဝိပဿနာတရားတော်များ ဟောကြားသည်။

 

ဆက်လက်၍ သီတဂူဆရာတော် ကြီးသည် Lumbini Buddhist University ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (International Seminar on Exploring Gautam Buddha’s Teachings on Peacekeeping and Sustainable Development) သို့ တက်ရောက်ပြီး ငြိမ်းချမ်းရေး၏ အရေးကြီးပုံ၊ ငြိမ်းချမ်းရေးသည် တစ်ကမ္ဘာလုံး အတွက်အရေးကြီးသလို လူတစ်ဦးချင်းစီ အတွက်လည်း ပိုမိုအရေးပါကြောင်း မိန့်ကြားသည်။

 

ဒီဇင်ဘာ ၁ ရက်တွင် ဆရာ တော်ကြီးနှင့် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ရရှိသူ သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီ (ခေါ်) သမီးချစ်တို့အား မြန်မာသံရုံး ဝန်ထမ်းများနှင့် မိသားစုများက သီတဂူ Dharma Kirti Vihar ကျောင်း၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရာတွင် သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လိုက်ပါပို့ဆောင်ခဲ့ကြသည်။

 

သီတဂူဆရာတော်ကြီးသည် ကတ္တမန္ဒူးမြို့ရှိ World Peace Temple ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်များအတွက် သင်္ကန်းအစုံ ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်