၂၀၂၀ ပြည့်နှစ် နိုင်ငံတကာနှစ်သစ်ကူး နှစ်ဦးကာလ အခါသမယမှစ၍ ကမ္ဘာသူ ကမ္ဘာသားအားလုံး “သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒပြည့်ကြပါစေ” ဟု ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ။
ပြည်ထောင်စုဖွား မြန်မာနိုင်ငံမျိုးနွယ်စုသား အားလုံးသည် ချမ်းသာသုခကို မြတ်နိုးကြပြီး ငြိမ်းချမ်းစွာ နေထိုင် လိုကြသူများ ဖြစ်ကြပါတယ်။ သို့သော် ယနေ့တိုင် လိုချင်ဆန္ဒအပြည့်အဝ မရရှိကြသေးသည်မှာ သတိသမ္ပဇည အားနည်းနေခြင်းကြောင့်သာ ဖြစ်ပါတယ်။
သတိသမ္ပဇညကို တိုးမြှင့်လေ့ကျင့်ပြီး မလုပ်သင့်တာကို ရှောင်၍ လုပ်သင့်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရပါမယ်။ သို့မှသာ မိမိတို့ မျှော်လင့်ထားကြတဲ့ ချမ်းသာသုခနဲ့ ငြိမ်းချမ်းမှုကို ရရှိနိုင်ကြမှာ ဖြစ်ပါ တယ်။
မလုပ်သင့်တာ လုပ်နေသမျှ၊ လုပ်သင့်တာ မလုပ်သေးသမျှ မည်သူမှ ချမ်းသာသုခ မရနိုင်ပါ။ မလုပ်သင့်တာ လုပ်နေသမျှ ဆိုးကျိုးနဲ့သာ ကြုံတွေ့ရမှာဖြစ်ပြီး လုပ်သင့်တာ မလုပ်သမျှ ကောင်းကျိုးချမ်းသာနဲ့ ဝေးကွာနေမှာ ဖြစ်ပါတယ်။
နိုင်ငံတကာနှစ်သစ်ကူး ၂၀၂၀ ပြည့်နှစ် နှစ်ဦးကာလ မှအစပြု၍ သတိသမ္ပဇညတရား လက်ကိုင်ထားကာ အတ္တအကျိုး၊ ပရအကျိုး ပွားတိုးအောင် ဆောင်ရွက်နိုင်ကြပါစေ။