ရန်ကုန် ဖေဖော်ဝါရီ ၄
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စိအထူးကုဆရာဝန်ကြီးများက (၁၆)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးခြင်း အလှူတော်ကို ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဆရာတော်ကြီး၏ တပည့်၊ ဒါယကာများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက မျက်စိဝေဒနာရှင်များအား စာရင်းပေးသည်မှစ၍ ခွဲစိတ်ကုသမှုခံယူပြီးသည်အထိ စောင့်ရှောက်ကုသိုလ်ယူကြသည့်အပြင် စားသောက်ဖွယ်ရာများနှင့် သွားလာရေး အဆင်ပြေစေရန်အတွက် ယာဉ်များကိုပါ အခမဲ့စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။ မျက်ဝေဒနာကို ပြသရန်အတွက် စာရင်းပေးထားသူ ၁၆၀၀ ရှိရာ ဖေဖော်ဝါရီ ၃ ရက်(ပထမ)နေ့တွင် ၅၁၉ ဦးကို မျက်စိ အခမဲ့စမ်းသပ်၊ စစ်ဆေးပေးခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရမည့် မျက်စိဝေဒနာရှင် ၂၁၁ ဦးရှိကြောင်းနှင့် ဖေဖော်ဝါရီ ၄ ရက် (ဒုတိယ)နေ့တွင် ၄၃၉ ဦးကို မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေးပေးခဲ့ရာ ခွဲစိတ်ကုသမှုခံယူရမည့် မျက်စိဝေဒနာရှင် ၁၅၂ ဦး ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


