မိတ္ထီလာ ၂၀ နိုဝင်ဘာ
မိတ္ထီလာမြို့နယ် သီးတက္ကန်(မြောက်)ကျေးရွာ၌ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသည့် အိုးလုပ်ငန်း တွင် ကုန်ကြမ်းများ ရှားပါးလာသည့်အတွက် အိုးလုပ်သူများ နည်းပါးလာကြောင်း သိရသည်။
အိုးလုပ်ငန်းကို ကျေးရွာအတွင်းရှိ အိမ်ခြေ ၈၂ အိမ် လူဦးရေ ၄၀ဝ ကျော်ရှိရာ အမျိုးသားများက စိုက်ပျိုးရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး အိုးမကွာအိမ်မကွာ ဆောင်ရွက်နိုင်သည့် အိုးလုပ်ငန်းကို ရှေးယခင် အဘိုးအဘွားများ လက်ထက်မှစတင်၍ အမျိုးသမီးများနှင့် အခြားမိသားစုဝင် များက လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ အိုးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသည့် မြေ၊ ကောက်ရိုး၊ လောင်စာ၊ ထင်းများမှာ ယခင်က အလွယ်တကူရရှိနိုင်သော်လည်း ယခုအခါတွင် လယ်ယာမြေဈေနှုန်းများ မြင့်မားလာခြင်းကြောင့် မြေတူးရာ တွင် လယ်ကွက်၊ ယာကွက်ပိုင်ရှင်များက ခွင့်မပြုသဖြင့် ခွင့်ပြုသည့် သူများထံမှ အခကြေးငွေဖြင့် ဝယ်ယူရသလို လှည်းနွားမရှိသူများမှာ နွားလှည်းများ ငှားရမ်း၍ မြေကြီးများ တိုက်မည်ဆိုလျင် လှည်းတစ်စီး ငွေကျပ် ၂၅၀ဝ နှုန်းပေးရသည်။
၎င်းအပြင် ရာသီဥတု မှန်ကန်မှုမရှိသောကြောင့် စပါးများ စိုက်ပျိုးနိုင်ခြင်း မရှိ၍ ကောက်ရိုးများ မရရှိသဖြင့် အိုးလုပ်ငန်း လုပ်ကိုင်သူတဖြည်းဖြည်း နည်းပါးလာရာ ယခုဆိုလျင် ကျေးရွာအတွင်း အိုးလုပ်ငန်း လုပ်ကိုင်သူ (၁၅)ဦးသာ ရှိတော့ကြောင်း ကျေးရွာရာအိမ်မှူး ဦးကျော်မြိုင်က ပြောသည်။
သီးတက္ကန်(မြောက်)ကျေးရွာမှ အမျိုးသမီးများက အိုးမကွာအိမ်မကွာ ဆောင်ရွက်နိုင်သည့် အိုးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ကျေးရွာမှ ပြုလုပ်သည့် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်းဖုံးနှင့် ထန်းမြေအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာ မြို့နယ်များမှ အိုးကုန်သည် များက ကျေးရွာအရောက် ဝယ်ယူလျက်ရှိကြသည်။
ယခုအခါ သောက်ရေအိုးများနေရာတွင် ရေသန့်ဘူးများ အစားထိုးဝင်ရောက်လာခြင်းနှင့်အတူ ဘုရားပန်းအိုး များမှာလည်း ကြေးအိုးများ ဝယ်ယူအသုံးပြုလာသောကြောင့် သောက်ရေအိုးများ၊ ဘုရားပန်းအိုးများ ဝယ်ယူသူ နည်းပါးလာလျက်ရှိ သောကြောင့် သောက်ရေအိုးနှင့် ဘုရားပန်းအိုး များကို အနည်းငယ်သာ လုပ်ကိုင်လျက်ရှိသည်။
ပန်းစိုက်အိုးများနှင့် ထန်းလျက်ပေါ်ချိန်တွင် ထန်းမြေအိုးများ အနည်းငယ် အရောင်းသွက်လျက် ရှိသောကြောင့် ကုန်ကြမ်းများ ရှားပါးသော်လည်း အခြားလုပ်ငန်းများအစား မိမိတို့ ဘိုးဘွားစဉ်ဆက် ပြုလုပ်သည့် အိုးလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သီးတက္ကန် ကျေးရွာမှ အိုးလုပ်ငန်းဆောင်ရွက်နေသည့် အဘွား ဒေါ်တင်မြက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


