မင်းလှ ၁၉ အောက်တိုဘာ
မြန်မာ့သစ်လုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီဒေသ (ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားလုပ်ငန်း) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မင်းလှမြို့နယ်၊ ဘန်ဘွေးကုန်းကျေးရွာ၊ မုက္ခာဆည်အနီးရှိ မုက္ခာရေတံခွန် ဆင်စခန်း၌ ယနေ့မှစ၍ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် အပန်းဖြေနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မုက္ခာရေတံခွန်ဆင်စခန်းအား ၂၀၁၈ ခု ဇန်နဝါရီလ ၄ ရက်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဇန်နဝါရီလမှ ဇွန်လအထိ အနယ်နယ်အရပ်ရပ်မှ လာရောက်သော ခရီးသွားဧည့်သည် (၂၄၈၇၄) ဦး ဝင်ရောက်လည်ပတ်၍ ဆင်စီးသူ (၇၄၉၄) ဦး ရှိခဲ့ရာ ဝင်ငွေသိန်း (၃၅၀) ခန့် ရရှိခဲ့သည်။ ဆင်စခန်းတွင် ဌာနပိုင်ဆင် (၁၄) ကောင်ထားရှိပြီး ဆင်စီးခြင်း၊ ဆင်စာကျွေးခြင်း၊ ဆင်များဖြင့် အမှတ်တရ ဓာတ်ပုံ ဗီဒီယိုရိုက်ကူးခြင်းများ ဆောင်ရွက်နိုင်ပြီး၊ သဘာဝ နားနေဆောင်များနှင့် ဝါးရုံပင်များအောက်တွင် အပန်းဖြေ အနားယူနိုင်သည်။
ထို့အပြင် ဒေသခံပြည်သူများမှ ဒေသထွက်အစား အသောက်များလည်း သန့်ရှင်းစွာ လာရောက်ရောင်းချသဖြင့် သဘာဝ အစားအစားများကို ဝယ်ယူစားသုံးနိုင်သည်။ သဘာဝတောတောင်အလှအပများကို ကြည့်ရှုပြီး၊ မုက္ခာရေတံခွန်၌လည် ရေးချိုး၊ ရေဆော့ကစားခြင်းများဖြင့် အနားယူ အပန်းဖြေနိုင်ကြောင်း သိရသည်။
မုက္ခာရေတံခွန် ဆင်စခန်းအား မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးဌာနအနေဖြင့် ယခုလက်ရှိ ဆင်ထိန်းသိမ်းရေး အခြေပြု အပန်းဖြေစခန်း (၁၉) ခု ဖွင့်လှစ် ဆောင်ရွက်လျှက်ရှိပြီး၊ ရန်ကုန်မြို့ကြီးမှ နေ့ချင်းပြန်လာရောက် လည်ပတ်နိုင်ကြောင်း၊ ဆင်များ၏ အမူအကျင့်များကို ထိတွေ့ မှတ်တမ်းယူနိုင်ကြောင်း၊ ပြည်တွင်းဧည့်သည်တစ်ဦးလျှင် စခန်းဝင်ကြေး (၅၀ဝ) ကျပ်၊ ဆင်စီးခ (၃၀ဝ၀) ကျပ်နူန်းကောက်ခံပြီး၊ ပြည်ပ ဧည့်သည်တစ်ဦးလျှင် စခန်းဝင်ကြေး (၁၀ဝ၀ဝ) ကျပ်၊ ဆင်စီးခ (၁၀ဝ၀ဝ) ကျပ်ဖြင့် ဈေးနူန်းမြှင့်တတ်ခြင်းမရှိပဲ ယခင်နှစ်က ဈေးနူန်းအတိုင်းသာ ကောက်ခံခြင်း ဖြစ်ကြောင်း၊ ဆင်စခန်းများ ထပ်မံတိုးချဲဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ မင်းလှ