မန္တလေး ၁၅ အောက်တိုဘာ
ယခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ သီတင်းကျွတ် ရုံးပိတ်ရက်ရှည် ကာလအတွင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ဒုဋ္ဌဝတီမြစ်အနီးတွင် ဖွင့်လှစ်ထားရှိသည့် အပန်းဖြေစခန်းများသို့ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားများ ဝင်ရောက်အပန်းဖြေ အနားယူမှု များပြားခဲ့သည်။
အဆိုပါ အပန်းဖြေစခန်းများသည် ဒုဋ္ဌဝတီမြစ်၏ သဘာဝအလှတရားများအား လူတို့၏ တီထွင်ဖန်တီးမှုများဖြင့် ပေါင်းစပ်ကာ ရောင်စုံပန်းဥယျာဉ်များ ကလေးကစားကွင်းများ ရေကူးကန်များနှင့် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်း၍ အပန်းဖြေစခန်းများအဖြစ် ဖွင့်လှစ်ထားရှိရာ မိသားစုလိုက် သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းများ စုပေါင်း၍ သော်လည်းကောင်း လာရောက် အပန်းဖြေကြသဖြင့် ပြည်တွင်းခရီးသွားများဖြင့်လည်း စည်ကားလျက်ရှိသည်။
''သီတင်းကျွတ် ရုံးပိတ်ရက်နဲ့ ကလေးတွေကျောင်းပိတ်ရက်မှာ ဘုရားဖူးရင်း အပန်းဖြေဖို့ မန္တလေးကို လာခဲ့တာပါ။ အခုရောက်ရှိတဲ့ အပန်းဖြေစခန်းက သီးနှံမျိုးစုံနဲ့ ပန်းမျိုးစုံစိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်တွေကြားမှာ အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်သလို ရေကူးကန်တွေနဲ့ ကလေးတွေအတွက် ကစားစရာအစုံလည်း ရှိတဲ့အပြင် ကျွန်တော်တို့ လူကြီးတွေအတွက်လည်း သံစဉ်တီးလုံးတွေကြားမှာ ကခုန်နိုင်အောင် စီစဉ်ပေးထားတဲ့အတွက် ပျော်ရွှင် ကျေနပ်နေမိပါတယ်'' ဟု သုံးမိုင်ရှိ သစ္စာစိန်စီ အပန်းဖြေစခန်းသို့ မိသားစု လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လာရောက်လည်ပတ်သည့် ရန်ကုန်စမ်းချောင်းမြို့နယ်မှ ဦးထွန်းထွန်းမော်က ပြောသည်။
ထို့ပြင် အဆိုပါမြို့နယ်အတွင်းရှိ ဒုဋ္ဌဝတီမြစ်အနီးတွင် ဖွင့်လှစ်ထားရှိသည့် သုံးမိုင်၊ ခြောက်မိုင်နှင့် ခုနစ်မိုင် အပန်းဖြေ စခန်းများတွင်လည်း ယခုရုံးပိတ်ရက်အတွင်း၌ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ပြည်တွင်း ခရီးသွားများလည်း ဝင်ရောက်လည်ပတ် အပန်းဖြေမှုများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


