ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် ပြီးခဲ့သည့် ဝါဆိုလပြည့်နေ့မှစ၍ ဝါဆိုဝါကပ်တော်မူခဲ့သော ရဟန်းသံဃာတော်များ ဝါတွင်းသုံးလပြည့်မြောက်ပြီး ဝါထွက် တော်မူသည့်နေ့ ဖြစ်သည်။ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ သီတင်းသုံးရာမှ ကျွတ်လွတ်သောကာလကို ဝါကျွတ်ကာလဟု ဆိုသည်။
ထူးမြတ်သောနေ့ မြတ်ဗုဒ္ဓဖြစ်တော်စဉ်တွင် မြတ်စွာဘုရားရှင်သည် မကုလတောင်၌ ဆဋ္ဌမဝါဆိုတော်မူသည်။ ထို့နောက် သတ္တမဝါကိုကား တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို အမှူးထား၍ လောကဓာတ်တစ်သောင်းမှ စည်းဝေးရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်း တို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူသည်။
ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းသံဃာတော်များအတွက် ဝါလကင်းလွတ်သောနေ့။ ဝေနေယျ သတ္တဝါများအတွက် မြတ်စွာဘုရားရှင်ကိုရည်မှန်း၍ မိခင်ကျေးဇူးဆပ်သောနေ့။ ဓမ္မဒေသနာအဆီအနှစ် အဘိဓမ္မာတရား စတင်နာကြားရသည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်သည်။ မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီး၍ ဝါကျွတ်သောအခါ သိကြားမင်းဖန်ဆင်းသည့် စောင်းတန်းသုံးသွယ်ဖြင့် လူ့ရွာသင်္ကဿနဂိုရ် ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်။
ထိုအခါ မင်းနှင့်တကွသော ပြည်သူတို့သည် ဆီမီးတန်ဆောင်ထွန်းညှိကာ မြတ်စွာဘုရားရှင်အား ကြိုဆိုကြလေ သည်။ ဤသီတင်းကျွတ်လတွင် သင်္ကဿနဂိုရ်မှ မင်းနှင့်တကွသော ပြည်သူတို့သည် မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင် ညှိထောင်ထွန်းလင်းပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း ထိုအချိန်ကာလမှစ၍ နှစ်ပေါင်း ထောင်ချီ ရိုးရာယဉ်ကျေးမှုအစဉ်အလာ မပျက်သီတင်းကျွတ်ကာလတွင် မီးထွန်းပွဲတော်ကျင်းပကြသည်။ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့မြတ် သတ်မှတ်ကာ ပူဇော်ကြလေသည်။
သီတင်းကျွတ်အခါသမယတွင် မြို့ရွာများ၌ မီးထွန်းပွဲတော်များကို ထိန်ထိန်ညီညီ ပြုလုပ်ရေး၌ ယခုနှစ်ကာလတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသောကာလနှင့် ကြုံတွေ့နေ၍ ကျန်းမာရေးစည်းကမ်းများအရ သီတင်းကျွတ် မီးထွန်းပွဲတော်များကို ရပ်ရွာလမ်းမများတွင် မပြုလုပ်နိုင်ခြင်းကို နားလည်ကြရပေမည်။ သို့သော် သီတင်းကျွတ် ကာလ၌ မိမိတို့၏နေအိမ် အသီးသီးမှ ဆီမီးရောင်ခြည် ထွန်းလင်းစေပြီး မြတ်စွာဘုရားရှင်ကို ရည်မှန်းကာ ပူဇော်နိုင်ကြပေသည်။ ထိုသို့ ထွန်းညှိပူဇော်ခြင်းသည် ကျန်းမာရေး စည်းကမ်းလည်းလိုက်နာ၊ နေအိမ်လည်း ကျက်သရေအလှတိုး၊ မိမိတို့ စိတ်နှလုံးများလည်း ကြည်လင်ချမ်းမြေ့နိုင်ကြမည် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် ပြည်သူအပေါင်းတို့အနေဖြင့် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ခြင်းဖြစ်စေ၊ နာကြားခြင်း ဖြစ်စေ မွန်မြတ်ကောင်းမွန်သော ကုသိုလ်အမှုတို့ကို မိသားစုများ ပြုလုပ်ခြင်းဖြင့် ကောင်းသောအကျိုးများ တိုးပွား ရရှိနိုင်ကြမည် ဖြစ်သည်။ သီတင်းကျွတ် ကာလကို ကုန်လွန်ခဲ့သောနှစ်များက ဘုရား၊ ကျောင်း၊ ကန်၊ လမ်း၊ နေအိမ် တို့၌ ဆီမီးထွန်းညှိခြင်းတို့အပြင် ရပ်ရွာအလိုက် ပျော်ပွဲရွှင်ပွဲ၊ ဈေးလမ်းသဘင်ပွဲများဖြင့် စုံစုံလင်လင် ခင်းကျင်းခဲ့ကြသည်။
ယခုနှစ်တွင် ဤသို့ပြုလုပ်ခွင့်မရနိုင်သဖြင့် မိမိနေအိမ်တွင် မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ပြီး ကုသိုလ်ထူးကိုယူကြဖို့ ဖြစ်သည်။ ထိုသို့ယူသဖြင့် မိမိတို့နေအိမ်များနှင့်အတူ မြန်ပြည်တစ်ဝန်း အေးချမ်းသာယာ လှပနေမည် ဖြစ်သည်။ သီတင်းကျွတ်ကာလသည်မိုးအကုန် ဆောင်းကူးတော့မည့် ကာလဖြစ်၍ ဝန်းကျင်တစ်ခွင် အေးချမ်းနေသည်။ ရာသီဥတုမှာ ကောင်းကင်တစ်ခွင်ကြည်လင်ဝင်းပနေပြီး ထိုအချိန်ကာလတွင် မြတ်စွာဘုရားရှင် အား ရည်မှန်းကာ ဆီမီးပူဇော်ခြင်းသည် ကျက်သရေ မင်္ဂလာရှိလှပေသည်။
သို့ဖြစ်ရာ သီတင်းကျွတ်လပြည့်နေ့သည် သာလွန်ထူးကဲသည့် ဓမ္မအဆီအနှစ် အဘိဓမ္မာဒေသနာတရားကို မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်တွင် ဟောကြားပြီးစီးခြင်း၊ လူ့ပြည်သို့ ပြန်လည်ကြွမြန်းတော်မူခြင်း၊ မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင်ဖြင့် ကြိုဆိုခြင်းဟူသည့် ဗုဒ္ဓဘုရားရှင်နှင့် သက်ဆိုင်သော ထူးကဲမွန်မြတ် သည့်နေ့ထူးဖြစ်ရာ ယနေ့မှစ၍ ကောင်းမှုအထူးများကို ပြည်သူအပေါင်းတို့ပြုလုပ်ကြခြင်းဖြင့် မြန်မာပြည်တစ်ဝန်း ကောင်းကျိုးဝေဖြာလာနိုင်မည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ