နေပြည်တော် အောက်တိုဘာ ၉
သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလ ဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက် မြင်ကြရသောနေ့ စသောဂုဏ်ထူး ဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။
အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက် တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် မိဘဘိုးဘွားများအား ကန်တော့ခြင်း၊ ကုသိုလ် ဒါန သီလ ပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက် ကြလေ့ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂါယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှ စေတီတော်၊ ဓါတုစယဓါတ်ပေါင်းစု စေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ် စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူ များသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ တရားသဘင်များ ကျင်းပခြင်း၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စတုဒီသာကျွေးမွေး လှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိ သည်ကို တွေ့ရသည်။
“ သီတင်းကျွတ်လပြည့်နေ့က ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့အတွက်ကြောင့် သူငယ်ချင်းတွေနဲ့အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်တာပါ။ ညပိုင်းမှာတော့ ကျွန်မတို့သူငယ်ချင်းတွေစုပြီး ရပ်ကွက်ထဲမှာရှိတဲ့ဘုရားကို ဆီးမီး ၁၀၀၀ ပူဇော်ပြီးရင် သက်ကြီးရွယ်အို၊ မိဘဘိုးဘွားတွေနဲ့ ဆရာသမားတွေကို သွားပြီး ကန်တော့မှာပါ၊ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ ပြည်သူများအားလုံး ကပ်ကြီးသုံးပါးကို ကျော်လွှားပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်” ဟု ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်သည့် မဟန်နီစိုး က ပြောသည်။
ထို့အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၌ ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် နေပြည်တော်ရှိ Ocean Super Center၊ Juction Center၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများ၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်း၊ ငလိုက်ဆင်စခန်းနှင့် မင်္ဂလာကန်တော်တွင် အပန်းဖြေလာရောက်ကြသူများနှင့် ဘောဂသီရိကားကြီးကွင်း၊ သပြေကုန်းနှင့် မြို့မကားကွင်းတို့တွင်လည်း အနယ်နယ်အရပ်ရပ်သို့ ဘုရားဖူးနှင့် အပန်းဖြေခရီးသွား ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ညပိုင်းတွင်လည်း အဆိုပါဘုရားများ၌ ဆီမီးပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးနှင့်မီးရောင်စုံ ထွန်းညှိပူဇော်ကြသူများ၊ မိဘဘိုးဘွားများနှင့် ဆရာသမားများကို လိုက်လံကန်တော့ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်ပေါ်၌ ဆီမီးထွန်းညှိပူဇော်ပွဲများကျင်းပပြီး စေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်း၌လည်း FIREWORK အမျိုးအစား မီးရှူး၊ မီးပန်းများ ပစ်ဖောက်ပေးရာ အများပြည်သူများ လာရောက်ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။
“ နေပြည်တော်မှာရှိတဲ့ အထင်ကရဘုရား၊ စေတီတွေကို နေ့ခင်းပိုင်းမှာ သူငယ်ချင်းတွေနဲ့အတူ ဖူးမြော်ခဲ့ပါတယ်၊ လပြည့်နေ့ဖြစ်တဲ့အတွက် ဘုရား၊ စေတီတွေမှာ ဘုရားဖူးပြည်သူတွေ စည်ကားနေတာတွေ့ရပါတယ်၊ ညပိုင်းမှာတော့ ရေပန်းဥယျာဉ်ထဲက ညဈေးရောင်း ပွဲတော်မှာ ဖျော်ဖြေပွဲရှိတယ်ဆိုလို့ လာရောက်အားပေးတာပါ၊ ညဈေးရောင်း ပွဲတော်မှာ အစားအစာတွေလည်းစုံပြီး ဈေးကလည်း သင့်တင့်ပါတယ်၊ အခု ဝယ်စားတဲ့ အထဲမှာ ဗီယက်နမ်ကော်ပြန့်ကို အကြိုက်ဆုံးပါ၊ မနက်ဖြန်ညမှာလည်း ဖျော်ဖြေရေး အစီအစဉ်ရှိသေးတဲ့အတွက် လာရောက်အားပေးမှာပါ ” ဟု နေပြည်တော်ရေပန်း ဥယျာဉ် ညဈေးပွဲတော်သို့ လာရောက်လည်ပတ်သူ မောင်တေဇာဖြိုးက ပြောသည်။

ထို့အတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် ညဈေးရောင်း ပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံတော် တေးသံရှင်များနှင့် The Voice Myanmar မှ တေးသံရှင်များက DJ, Music Band များနှင့်အတူ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လာရောက်ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ သီတင်းကျွတ်အများပြည်သူ ရုံးပိတ်ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ကြသည့် ဘုရာဖူးကား များကိုလည်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် စည်ကားများပြားစွာ တွေ့မြင်ရသည်။
“ သီတင်းကျွတ်ရုံးပိတ်ရက်မှာ မိသားစုနဲ့အတူ တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်၊ အခုက နေပြည်တော်မှာ ထမင်းစား ခဏနားနေတုန်း နေပြည်တော်ရဲ့ ဒေသထွက်အစားအစာတွေကို ဝယ်ယူနေတာပါ။ အမြန်လမ်းမကြီးပေါ်မှာလည်း ကျွန်မတို့လို အလည်အပတ် သွားရောက်ကြတဲ့သူတွေ အများအပြား တွေ့ရပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း အခုရုံးပိတ်ရက်တွေမှာ သွားလာလည်ပတ်နိုင်အောင် ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘုရား၊ စေတီတွေကို ဖွင့်လှစ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ရန်ကုန်မြို့မှ ပြင်ဦးလွင့်မြို့သို့ သွားရောက်လည်ပတ်သူ မတိုးနန္ဒာက ပြောသည်။
သီတင်းကျွတ်လပြည်နေ့တွင် ဘုရားဖူးလာရောက်ကြသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်းများ ဖြန့်ဝေပေးကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရသည်။
သတင်း-မျိုးဆက်သစ်
ဓာတ်ပုံ-ကိုကြီးထိန်၊