ညောင်ဦး ၁၄ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့ရှိ စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် ရွှေစည်းခုံစွယ်တော်မြတ် စေတီတော်ကြီးတွင် အောက်တိုဘာ ၁၃ ရက် ၊ (သီတင်းကျွတ်လပြည့်နေ့) ည ၆ နာရီခွဲအချိန်က ညောင်ဦးမြို့ မြတ်ပါရမီ ပရဟိတ လူမှုကူညီရေးအသင်းမှ ဆဌမအကြိမ်မြောက် ဆီမီး(၁၀ဝ၀)ထွန်းညှိပူဇော်၍ ကုသိုလ်ကောင်းမှု ပြုခဲ့ကြကြောင်း အဆိုပါ ပရဟိတအသင်းမှ အသင်းဉက္ကဌ ဦးဝင်းလှိုင်ထံမှ သိရသည်။
ရွှေစည်းခုံ စွယ်တော်မြတ်စေတီတော်ကြီးတွင် ဆဌမအကြိမ်မြောက် ဆီမီး(၁၀ဝ၀) ထွန်းညှိပူဇော်ပွဲသို့ ညောင်ဦးမြို့ ၊ မြတ်ပါရမီ ပရဟိတ လူမှုကူညီရေးအသင်းဉက္ကဌ ဦးဝင်းလှိုင်နှင့် အသင်းသား၊ အသင်းသူ စုစုပေါင်း ၄၃ ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပြီး နံနက် ၆ နာရီခွဲအချိန်မှ စတင်ကာ ပါဝင်ဆင်နွှဲကြသည့် ပရဟိတအသင်းသားများက ဆီမီးခွက်များဖြင့် ဗုဒ္ဓရုပ်ပွားတော် ပုံ နှင့် မြတ်ပါရမီ ပရဟိတ လူမှုကူညီရေးအသင်း အမည်ပုံ တို့ကို အလှဆင်၍ ဆီမီး(၁၀ဝ၀)အား တက်ညီလက်ညီ ထွန်းညှိ ပူဇော် လှူဒါန်းခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ ပရဟိတအသင်းက ညောင်ဦးမြို့ ၊ ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီးမှာ နှစ်စဉ် သီတင်းကျွတ် လပြည့်ညရောက်တိုင်း ဆီမီး(၁၀ဝ၀)ထွန်းညှိပူဇော်နေကြပါ။ ဒီနှစ်လုပ်တာကတော့ ဆဌမအကြိမ်မြောက် ပြုလုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ည ၆ နာရီခွဲလောက်စပြီး ဗုဒ္ဓရုပ်ပွားတော်ပုံနဲ့ အသင်းအမည်ကို ဆီမီးခွက်တွေနဲ့ အလှဆင်ပြီး ဆီမီး(၁၀ဝ၀) ထွန်းညှိပူဇော်ခဲ့ကြပါတယ်။ ရွှေစည်းခုံဘုရားမှာ ဆီမီးထွန်းညှိပူဇော်ခြင်းကို ကျွန်တော်တို့ ပရဟိတအဖွဲ့အပြင် ညောင်ဦးမြို့ ၊ ပညာဒါန ပရဟိတအသင်းမှ ဦးဇင်မင်းလှိုင် ဦးဆောင်သော အသင်းသား ၊ အသင်းသူများကလည်း ဆီမီး(၃၀ဝ) ထွန်းညှိပူဇော်ပါ တယ်။ နောက်ပြီး ညောင်ဦးမြို့မှာရှိတဲ့ အခြား လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ဟိုတယ်မိုတယ် လုပ်ငန်းရှင်တွေ ၊ စားသောက်ဆိုင် လုပ်ငန်းရှင်တွေနဲ့ ဒေသခံပြည်သူတွေကလည်း ရွှေစည်းခုံ စေတီတော်မြတ်ကြီးကို လာရောက်ပြီး ဆီမီးထွန်းညှိပူဇော်ပွဲတွေ ၊ ပန်းရေချမ်း ကပ်လှူ ပူဇော်ခြင်းတွေ ပြုလုပ်ကြလို့ အရမ်းကိုစည်းကားခဲ့ပါတယ်” ဟု ညောင်ဦးမြို့၊ မြတ်ပါရမီ ပရဟိတလူမှုကူညီရေး အသင်းဉက္ကဌ ဦးဝင်းလှိုင် က ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


