ရန်ကုန် ၁၁ အောက်တိုဘာ
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ရက်များ၌ မြန်မာ့ကာတွန်းမီးပုံးပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ကာတွန်းမီးပုံးပွဲတော်တွင် ကာတွန်းပညာရှင်များ၏ တစ်ကွက်ကာတွန်းလက်ရာများကို ဗီနိုင်းစတွင် ရိုက်နှိပ်ကာ ပုံးသဏ္ဌာန်ပြုလုပ်၍ အလယ်တွင် မီးထွန်းပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကာတွန်မီးပုံးပွဲတော်ကို သီတင်းကျွတ်ပွဲတော်ရက်များဖြစ်သည့် အောက်တိုဘာလ ၁၂-၁၃-၁၄ ရက်နေ့များတွင် နေစဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ခင်းကျင်းပြသမည်ဖြစ်ပြီး သက်ကြီးလူရွှင်တော်ကြီးများနှင့် ကာတွန်းဆရာကြီးများအား ဂါရဝပြုရန်အတွက် ယခုကဲ့သို့ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
“သီတင်းကျွတ်ကာလမှာ မီးပုံးပွဲတော်လည်း လုပ်ချင်တယ်၊ အမှတ်တရလည်းဖြစ်အောင် အရင်က ရပ်ကွက်တွေ၊ လမ်းတွေမှာ မီးပုံးလေးတွေထွန်းပြီး ကာတွန်းလေးတွေ လိုက်ဖတ်တဲ့ဟာမျိုးကို ပြန်ဖော် ထုတ်ချင်တဲ့အတွက် ကာတွန်းဆရာကြီးတွေဆီက တစ်ကွက်ကာတွန်းလေးတွေယူ ပုံနှိပ်ပြီး မီးပုံးလေး တွေပုံစံနဲ့ပြသသွားမှာပါ” မြန်မာ့ကာတွန်းမီးပုံးပွဲတော်ဖြစ်မြောက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် Boom Event Management မှ မဉမ္မာအောင်က ပြောကြားသည်။
မြန်မာ့ကာတွန်းမီးပုံးပွဲတော်တွင် စားသောက်ဆိုင်များ၊ အလှကုန်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များအပြင် လူရွှင်တော်အသင်း ရံပုံငွေအတွက် အမှတ်တရပစ္စည်းရောင်းချပေးမည့် ဆိုင်ခန်းများလည်း ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အနုပညာရှင်များ၊ လူရွှင်တော်များ၏ ဖျော်ဖြေရေးအစီအစဉ်များ သာမက အိမ့်ချစ်၊ HUGO ၊ မေကဗျာ၊ သဉ္စမြင့်မိုရ်၊ ဟန်ထူးဈာန်၊ PAUL AUSTIN၊ ကေခိုင်နှင်း၊ ညိုမီမီထွန်းစသော အနုပညာရှင်များ၏ FUN တွေ့ဆုံပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


