ကလေး ၁၅ အောက်တိုဘာ
သီတင်းကျွတ်ရာသီ ရက်ရှည်ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ကာလများတွင် ခရီးထွက်၊ နေရပ်ပြန်သူများ သီတင်းကျွတ်ပွဲတော်အပြီး မိမိလုပ်ငန်းခွင်ပြန်ကြသူများ များပြားသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့အခြေစိုက် အဝေးပြေး ပင်မယာဉ်ရပ်နားစခန်း၌ ကားလက်မှတ်ဖြတ်သူ များပြားသော်လည်း ကလေးမြို့ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီမှ အဆင်ပြေအောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်လို့ မြေပြန့်ဒေသဘက်ကနေ ပြန်လာတဲ့သူတွေ ရှိကြသလို ချင်းပြည်နယ်ဘက်ကလည်း ဒီကလေးဘက်မှာ အကြောင်းအမျိုးမျိုးနဲ့ တာဝန်ကျနေသူ တွေရှိကြပါတယ်။ ပြီးတော့ သူတို့ရဲ့သားသမီးတွေ ဒီဘက်မှာ အလုပ်လာလုပ်ကြတဲ့သူတွေ မြန်မာပြည်အနှံ့ နေရပ်ပြန်ကြတာတွေရှိကြပါတယ်။ နေ့ထူးနေ့မြတ်ရက်ရှည်ရုံးပိတ်ရက်ရောက်တော့မယ်ဆိုရင် အသွား၊ အပြန် ကြိုတင်လက်မှတ်ဝယ်တာမျိုး များပြားတဲ့အပြင် လာရောက်ဝယ်ယူစီးနင်းလိုက်ပါသူတွေလည်း ရှိကြပါတယ်။ တချို့ယာဉ်ငယ်လိုင်းတွေကျတော့ အိမ်အရောက်လိုက်လံကြိုပို့စနစ်နဲ့ ဝန်ဆောင်မှု ပြုလုပ်ပေးပါတယ်။ အခုလိုခရီးသည်များပြားနေပေမယ့် ယာဉ်နှစ်စီး၊ သုံးစီးကတော့ အမြဲတမ်းအရန်အသင့်ရှိနေတဲ့အတွက် ခရီးသွားပြည်သူတွေအခက်အခဲမရှိဘဲ အဆင်ပြေကြပါတယ် ” ဟု ကလေးမြို့ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီဥက္ကဌ ဦးစိုးဝင်းက ပြောသည်။
သာမန်ရက်များတွင် မော်တော်ယာဉ်ဂိတ်များရှိ ယာဉ်စီးရေနှင့် ခရီးသွားများလုံလောက်ရုံမက ဂိတ်များတွင် ယာဉ်များစုပုံနေကြောင်း၊ သက်ဆိုင်ရာမော်တော်ယာဉ်လိုင်းများတွင် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ယာဉ်စီးရေ အတိုင်း ပြေးဆွဲလျက်ရှိကြောင်း၊ ယခုကဲ့သို့သောကာလမျိုးတွင် မော်တော်ယာဉ်လိုင်းဂိတ်များမှာ မော်တော် ယာဉ်စီးခနှုန်း တိုးမြှင့်ကောက်ခံခြင်း မရှိကြောင်း၊ အထူးသဖြင့် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေး မတော်တဆမှုနှင့် ယာဉ်အန္တရာယ်မဖြစ်ပွားစေရန်အတွက် ယာဉ်မထွက်ခွာမီ ခရီးသည်မော်တော်ယာဉ် လိုင်းများအား စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ကလေးမြို့တွင် ပင်မယာဉ်ရပ်နားစခန်း၊ ကလေးဝနှင့် တမူးမြိ့များသို့ပြေးဆွဲသည့် ကားလေးကွင်း နှင့် ချင်းပြည်နယ် မြန်မာအိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းသို့ပြေးဆွဲသည့် ရိဒ်ကားကွင်းတို့ ရှိပြီး ခရီးသည်တင်ယာဉ် အသင်းပေါင်း ၇၁ သင်းတွင် ယာဉ်စီးရေပေါင်း ၁၀ဝ၀ ဝန်းကျင်ရှိရာ ယခုနှစ် သီတင်းကျွတ်ကာလ မိမိလုပ်ငန်းခွင် ပြန်ကြသည့်ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် အခြား ခရီးသွားများအနေဖြင့် ကားလက်မှတ်အခက်အခဲ မရှိဘဲ ခရီးသွားပြည်သူများမှာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ချင်းတွင်းသား


