ရန်ကုန် ၅ အောက်တိုဘာ
၂၀၁၉ ခုနှစ် သီတင်းကျွတ်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုကြမည့် ခရီးသွားပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ အနားယူအပန်းဖြေကြမည့် ပြည်သူများကို ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းမှတစ်ဆင့် အဆင့်မြင့် ချယ်ရီသင်္ဘောများဖြင့် ကူးတို့ပြေးဆွဲပေးလျက်ရှိရာ သီတင်းကျွတ်ပွဲတော်ကာလ၌ ခေါက်ရေလျော့ပြေးဆွဲခြင်းမပြုဘဲ ပုံမှန်အချိန်ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားဖူးသွားကြမယ့် ပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေစေရေးအတွက် ပန်းဆိုးတန်းဆိပ်ကမ်းမှတစ်ဆင့် ဒလဆိပ်ကမ်းသို့ ချယ်ရီသင်္ဘောများဖြင့် အသွား၊ အပြန် (၄၆)ခေါက်နှုန်းနဲ့ ပုံမှန်အတိုင်း ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်၊ သီတင်းကျွတ်ပိတ်ရက်ဆိုတော့ ခရီးသည် လိုက်ပါစီးနင်းမှုများလို့ ခရီးသည်များ အဆင်ပြေစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင်္ဘောဝန်ထမ်းများနှင့် ဒလ/ပန်းဆိုးတန်း ဆိပ်ကမ်းတွေမှာရှိတဲ့ ဝန်ထမ်းများက အနီးကပ်ကြပ်မတ်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နုက ပြောသည်။
ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်ဆိပ်၌ ပြည်သူများ ဘေးကင်းလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပို့ဆောင်ပေးနေသည့် ဆိပ်ကမ်းဖြစ်သလို ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်/ထွက် သွားလာလည်ပတ်မှုပို၍ များပြားလျက်ရှိကြောင်း သိရသည်။
နိုင်ငံခြားသားများ လာရောက်လည်ပတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ၄၂၁၁ ဦး၊ ဖေဖော်ဝါရီလတွင် ၃၉၂၀ ဦး၊ မတ်လတွင် ၃၉၃၈ ဦး၊ ဧပြီလတွင် ၂၃၃၃ ဦး၊ မေလတွင် ၂၄၆၇ ဦး၊ ဇွန်လတွင် ၁၆၀ဝ ဦး၊ ဇူလိုင်လတွင် ၂၈၈၁ ဦး၊ သြဂုတ်လတွင် ၃၂၁၈ ဦး၊ စက်တင်ဘာလတွင် ၁၅၀၆ ဦး စုစုပေါင်း (၂၆၀၇၄)ဦး စီးနင်းလိုက်ပါလျက်ရှိပြီး ပွင့်လင်းရာသီ၌ ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှုများပြားကြောင်း ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာထံမှ သိရသည်။
အဆိုပါ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသော ဒလမြို့နယ်ရှိ သမိုင်းဝင်ဘုရားစေတီများ၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝပုံစံများ၊ ဈေးများ၊ ဖယောင်းတိုင်လုပ်ငန်း၊ ကော်ပြန့်လုပ်ငန်း၊ စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်သည့် လက်မှုပစ္စည်းပြခန်းအရောင်းဆိုင်၊ ငါးဖမ်းအသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေထိုင်ကြသည့် တံငါတဲများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ကို အများဆုံး သွားရောက်လည်ပတ်လေ့လာကြသည်။
ထို့ကြောင့် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ပြေးဆွဲနေသည့် ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃) အမည်ရှိ သင်္ဘောရေယာဉ်သုံးစင်းတို့ဖြင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများစွာတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိသလို စီးပွားမြို့တော် ရန်ကုန်မြို့၏ မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသော ဒလမြို့နယ်သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်စားစွာဖြင့် အများဆုံး လာရောက်လည်ပတ်လျက်ရှိသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ဝင်ငွေအကောင်းဆုံးနှင့် လူအစည်းကားဆုံး ဆိပ်ကမ်းတစ်ခုပင်ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


