သီတင်းကျွတ်ရုံးပိတ်ရက် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံ-ညောင်ဦးဒေသသို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ လာရောက်မှုများပြား

ညောင်ဦး ၁၂ အောက်တိုဘာ

 

သီတင်းကျွတ်ရုံးပိတ်ရက်တွင် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံ- ညောင်ဦးဒေသသို့ ခရီးသွားများ၊ ဘုရားဖူးဧည့်သည်များ အောက်တိုဘာ ၁၁ ရက်မှစတင်ကာ လာရောက်မှုများပြားလျက်ရှိကြောင်း ပုဂံ-ညောင်ဦးဒေသခံ ဦးဇင်အောင်က ပြောပြသည်။

 

4

 

ပုဂံ-ညောင်ဦးဒေသသို့ ပြည်ပခရီးသွားများ၊ ပြည်တွင်း ဘုရားဖူးခရီးသွား ဧည့်သည်များသည် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေစည်းခုံစွယ်တော်ဘုရား၊ လောကနန္ဒာစွယ်တော်ဘုရား၊ မြစ်တစ်ဘက်ကမ်းရှိ တန့်ကြည်တောင်စွယ်တော်ဘုရား၊ တုရင်တောင်တန်းပေါ်ရှိ တုရင်တောင်စွယ်တော်ဘုရား၊ မဟာငှက်ပစ်တောင်၊ အလိုတော်ပြည့်၊ စူဠာမဏိ၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ သဗ္ဗညုဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မြစေတီဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ ဓမ္မရံကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇကဘုရားနှင့် ရှင်အဇ္ဇဂေါဏဘုရားတို့တွင် သီတင်းကျွတ် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက် ခရီးသွားဘုရားဖူးပြည်သူများ လာရောက်မှုများပြားလျက်ရှိကြောင်း ရွှေစည်းခုံစွယ်တော်မြတ်စေတီဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောပြသည်။

 

5

 

သာမာန်အချိန်မှာပင် ပြည်တွင်းပြည်ပ ခရီးသွားလာရောက်မှုများပြားသည့် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဘုရား၊ စေတီ၊ ပုထိုးများတွင် တိုးမပေါက်အောင် များပြားလျက်ရှိရာ ညောင်ဦးမြို့တွင်းလမ်းများတွင် ကားလမ်းများပိတ်သည်အထိ ဖြစ်နေကြောင်း တောင်သာမြို့မှ ဘုရားဖူးလာရောက်သည့် ဦးထိန်လင်းကပြောပြသည်။ ပုဂံ-ညောင်ဦးဒေသရှိ စားသောက်ဆိုင်များလည်း ရောင်းအားကောင်းလျက်ရှိပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ သီတင်းကျွတ် အလုပ်နားရက်၊ ရုံးပိတ်ရက် ပြည်တွင်း ပြည်ပခရီးသွား များပြားလျက်ရှိကြောင်း သိရသည်။

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)