၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Card များစံနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ ကိုယ်ရေးအချက် အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း  သတ်မှတ်ရက်အတွင်း ပြန်လည် မှတ်ပုံတင်ကြပါရန်(၂၃-ဝ၂-၂၀၂၀)ရက်နေ့ ထုတ်နိုင်ငံပိုင် သတင်းစာများနှင့် လူမှုကွန်ရက် မီဒီယာများမှ အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

 

၂။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား /နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား)၊ နိုင်ငံခြားသားများအတွက် Passport တစ်ခုခုဖြင့်  (၂) ကတ် ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက် အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ် ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။

 

၃။ သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို  ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Card များကို မှန်ကန်စွာ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ကြပါရန် အသိပေးနိုးဆော်အပ်ပါသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန