ကလေး ၁၃ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း ဒေသခံပြည်သူများ နေအိမ်ဆောက်လုပ်ရန် သစ်လိုအပ်ချက်အပေါ် အမှန်တကယ် သုံးစွဲခွင့်ရရှိရေးကို ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ကလေးခရိုင်သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိသည့် ၂၄၄ ဒသမ ၇၁၃၈ တန်ရှိ တရားမဝင် ကျွန်းနှင့် သစ်မာ၊ အခြား (သစ်လုံးနှင့်ခွဲသား) များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း ဖမ်းဆီးရမိ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်း၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများ ဈေးပြိုင်လေလံတင်ရောင်းချရေးကော်မတီထံမှ သိရသည်။
ကလေးခရိုင် သစ်တောဦးစီးဌာန၊ ကလေးမြို့နယ်အတွင်း ဖမ်းဆီးရမိသောပုံစံ(၈)ဝင် ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ အခြားသစ်များအနက် ကျွန်းသစ်၇ ဒသမ ၂၄၂ တန်၊ ကျွန်းခွဲသား ၃၉ ဒသမ ၂၈၅၂ တန်၊ သစ်မာသစ်လုံး ၂၅ ဒသမ၈၀၆ တန်၊ သစ်မာခွဲသား ၆၈ ဒသမ ၉၃၀၂ တန်နှင့် အခြားသစ်လုံး ၁၂ ဒသမ ၂၁၄ တန်၊ သစ်ခွဲသား ၉၁ ဒသမ ၂၃၆၄ တန် စုစုပေါင်း ၂၄၄ ဒသမ ၇၁၃၈ တန်ရှိ သစ်များကို တိုင်းကျော်သယ်ယူခွင့်မပြုကြောင်း စည်းကမ်းသတ်မှတ်ချက်ဖြင့် လက်ရှိမျက်မြင် အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနတွင်တရားဝင်မှတ်ပုံ တင်လိုင်စင်ရရှိထားသည့် သစ်အခြေခံအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရှင်များ၊ သစ်စက်သေး/ သစ်စက်ကြီးနှင့်အချောထည်စက်/ လျှာထိုး စက်လုပ်ငန်းရှင်များ၊သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ၊ ပရိဘောဂလုပ်ငန်းရှင်များ၊ အစိုးရဌာနမှဌာနပိုင် အဆောက်အဦများ၊ လမ်းတံတားများ ဆောက်လုပ်ရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွှတ်ပါက အစိုးရဌာနအသီးသီးတွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ သစ်လိုအပ်ချက်အပေါ်မူတည်၍ လိုအပ်သည့်အချက်အလက်၊ အထောက်အထားများနှင့်အတူ ဈေးပြိုင်လေလံ ဆွဲဝယ်ယူနိုင်မည်ဖြစ်ကြောင်း ကလေးခရိုင်ဈေးပြိုင်လေလံတင် ရောင်းချရေးကော်မတီမှ သိရသည်။
သစ်တောဦးစီးဌာနသည် တိုင်းဒေသကြီးနှင့်ပြည်နယ်သစ်တောဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ခရိုင်/ မြို့နယ် ဦးစီးအရာရှိများ၊ သစ်တောဝန်ထမ်းများနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ မိမိဒေသအတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေးသိမ်းဆည်းလျက်ရှိရာ ဖမ်းဆီးရမိသည့်တရားခံများအား သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းသား


