နေပြည်တော် ၆ မတ်

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာ နှင့် ပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက်အထိ သိမ်းဆည်း ရမိခဲ့သော ငွေကျပ် ၉၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့နံနက် ပိုင်းတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများမှ သတင်းထောက်များ၊ စစ်သံမှူးများက တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် သွားရောက်သတင်းရယူစဉ် ရဟတ်ယာဉ် တစ်စီး စက်ချို့ယွင်းမှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ရဟတ်ယာဉ်မှူး နှစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

           

ဖြစ်စဉ်တွင် ပြည်ပစစ်သံမှူးများ အဖွဲ့သည် လားရှိုးမှ ကောင်းခါးနှင့် လွယ်ခမ်သို့ ရောက်ရှိခဲ့ပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကြည့်ရှုသတင်းရယူ၍ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်၌ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစဉ် ရဟတ်ယာဉ် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် မြေပြင်သို့ ပြန်လည်ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့သော်လည်း ရဟတ်ယာဉ်မှူးများက ကျွမ်းကျင်စွာ ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှု အနည်းဆုံးဖြင့် မြေပြင်ပေါ်သို့ ရောက်ရှိခဲ့ကြောင်း။

           

ထိုသို့ဖြစ်ပွားမှုကြောင့် ရဟတ်ယာဉ်မှူး နှစ်ဦးသာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများမှ သတင်းထောက်များ၊ စစ်သံမှူးများ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ ရရှိမှုမရှိဘဲ ကျန်ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ခဲ့ရာ လားရှိုးမြို့သို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိကာ ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ ဆောင်ခဲ့ရာ ည ၇ နာရီ မိနစ်၂၀ တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)