သိန္နီဟော်နန်းသစ်ကြီးသည် သိန္နီမြို့၏ ဂုဏ်ကျက်သရေဆောင် အဆောက်အအုံကြီးတစ်ခုဖြစ် သမိုင်းဝင်ယဉ်ကျေးမှု ပြတိုက်ကြီးအဖြစ် ဆက်လက်ထူထောင်၍ အများပြည်သူ လေ့လာအပန်းဖြေ ဗဟုသုတရှာမှီးရာ ယဉ်ကျေးမှုပြတိုက်ကြီးအဖြစ် ဆက်လက်ကြိုးပမ်း ထူထောင်သွားမည်
နေပြည်တော် ဧပြီ ၁၁
သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် (ဟော်ခမ်းသျှမ်းဝီ) ကို အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် သိန္နီဟော်နန်း ယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ နိုင်ငံတော ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဦးအောင်သော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ စေတနာရှင် အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရိုးရာအိုးစည်အကဖြင့် လှိုက်လှဲစွာကြိုဆို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သိန္နီဟော်နန်း ယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရိုးရာအကအလှများဖြင့် လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် (ဟော်ခမ်းသျှမ်းဝီ) ကို အသစ်ပြန်လည် တည်ဆောက်ထားသည့် သိန္နီဟော်နန်း ယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် သိန္နီဟော်နန်း ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ အခမ်း အနားကို တက်ရောက်လာကြသည့် တိုင်းရင်းသား ပြည်သူလူထုအပေါင်းကို ယခုကဲ့သို့တွေ့ဆုံရ သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်းနှင့် အားလုံးကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ ကြောင်း ဆန္ဒပြုရင်းနှုတ်ခွန်း ဆက်သအပ်ပါကြောင်း။
သိန္နီမြို့နယ်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် ရှမ်းပြည်နယ်သည် ပြည်ထောင်စုကြီး ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် အကြီးမားအကျယ် ပြန့်ဆုံးသော ပြည်နယ်ကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံလင်စွာ မှီတင်းနေထိုင်ကြသည့် ထူးခြားသော ဝိသေသများရှိသည့် ပြည်နယ်ကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ ဖြစ်စဉ်သမိုင်းကြောင်းကို အနည်းငယ် ပြန်ပြောင်းပြောရမည်ဆိုပါက ရှေးမြန်မာမင်းများ အဆက်ဆက်ကတည်းက ရှမ်းတောင်တန်း ဒေသရှိ ပဒေသရာဇ်စော်ဘွားများသည် မြန်မာမင်းများ၏ သစ္စာတော်ကို စောင့်သိနာခံ၍ နိုင်ငံတော်၏အကျိုးနှင့် နိုင်ငံတော် ကာကွယ်ရေး ကိစ္စရပ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာဓကများ ရှိခဲ့ပါကြောင်း။
ကုန်းဘောင်ခေတ် ဦးပိုင်း ဆင်ဖြူရှင်မြေဒူးမင်း (သီရိဓမ္မ ရာဇာ )လက်ထက် တရုတ်တပ်များက သက္ကရာဇ် ၁၁၂၇ တွင် ကျိုင်းတုံကိုလည်းကောင်း၊ ၁၁၂၈ တွင် ဗန်းမော်ကိုလည်းကောင်း၊ ၁၁၂၉ တွင် သိန္နီကိုလည်းကောင်း လာရောက်ထိပါး တိုက်ခိုက်ရာတွင် မြန်မာဘုရင်တပ်များနှင့် ရှမ်းစော်ဘွားတပ်များ ပူးပေါင်း၍အောင်မြင်စွာ တွန်းလှန်တိုက်ခိုက် နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် နယ်ချဲ့ အင်္ဂလိပ်တို့၏ မတရားကျူးကျော်စစ်များကို ရှမ်းစော်ဘွားကြီးများက မိမိတို့၏ နယ်သူနယ်သားများကို စည်းရုံးဦးဆောင်ပြီး ရရာလက်နက်စွဲကိုင်ကာ ဆန့်ကျင် တော်လှန်ခဲ့ကြသော ထင်ရှားသည့် သာဓကများရှိခဲ့ပါကြောင်း၊ သာဓကအားဖြင့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်နယ်ချဲ့တို့အား သူ့ကျွန်မခံဘဲ စွမ်းစွမ်းတမံ ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါကြောင်း။
ယနေ့ ပြုလုပ်ကျင်းပသည့် သိန္နီဟော်နန်းဖွင့်ပွဲနှင့်အကြောင်း တိုက်ဆိုင်သဖြင့် မြောက်သိန္နီနယ် နှင့်ပတ်သက်၍ ပြောကြားလိုပါကြောင်း၊ ယခင်ကာလ ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင်ကို စီမံအုပ်ချုပ်သော နယ်ရှင်စော်ဘွားများသည် သိန္နီမြို့တွင် အခြေစိုက်ခဲ့ကြပါကြောင်း၊ ၁၉၁၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည့် မြောက်သိန္နီစော်ဘွားကြီး၏ ဟော်နန်းဆောင်သည် ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဧပြီလတွင် ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပါ ကြောင်း၊ ကမ္ဘာ့သမိုင်းတွင် ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံများ၊ မဟာရာဂျာများ အုပ်ချုပ်သည့် ပြည်နယ်များ၊ စော်ဘွားအုပ်ချုပ်သောနယ်များ စသည်ဖြင့် ရှိခဲ့ကြပြီး အချို့သော နိုင်ငံများသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးသည့် နိုင်ငံများအဖြစ် ပြောင်းလဲလာခဲ့ကြပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌လည်း ပြည်သူ့အုပ်ချုပ်ရေးဟုခေါ်သည့် ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံကို ရှမ်းပြည်နယ်၌ ၁၉၅၉ ခုနှစ်တွင် ပြောင်းလဲခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍မရသကဲ့သို့ အတိတ်သမိုင်းကို သင်ခန်းစာရယူပြီး ပိုမို ကောင်းမွန်သည့် ခေတ်စနစ်မျိုးကို လျှောက်လှမ်းကြရမည် ဖြစ်ပါကြောင်း၊ သမိုင်းကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရှမ်းပြည်နယ်တွင် ရှိခဲ့သည့် စော်ဘွားများ၏ သမိုင်းကိုလည်း ဖော်ထုတ်ထိန်းသိမ်းသင့်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ဒေသခံ ပြည်သူလူထု၏ ဆန္ဒပြုအကူအညီတောင်းခံမှုနှင့်အတူ သမိုင်းဝင် အဆောက်အအုံတစ်ခုအဖြစ် ဒေသအတွင်း တည်ရှိနေပြီး ဒေသတွင်းရှိ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုဖြစ်သည့် ဟော်နန်းကိုရှေးမူမပျက်စေဘဲ မူလပုံစံအတိုင်း နိုင်ငံတော်နှင့် တပ်မတော်မှ ပြန်လည်တည် ဆောက်ပေးခြင်းဖြစ်ပါကြောင်း၊ အလားတူ မိုင်းပွန် ဟော်နန်းကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းထားပြီး ကျိုင်းတုံဟော်နန်းကြီးကိုလည်း ပုံစံတူပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် ဒေသအတွင်း ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာ ကြည့်ရှုမှုများကြောင့် ဖွံ့ဖြိုးတိုးတက် စည်ပင်သာယာရေးကိုလည်း အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း။
စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ အရိုက်အရာကို ဆက်ခံသည့် သားတော် စဝ်ဟုံဖသည် မြောက်သိန္နီနယ်၏ နောက်ဆုံးဆက်ခံသည့် စော်ဘွားကြီးဖြစ်ပြီး စစ်ဘက်နယ်ဘက် တာဝန်များကို ထမ်းဆောင်လျက် ပြည်ထောင်စုကြီးကိုများစွာ အလုပ်အကျွေးပြုခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါကြောင်း၊ ၁၉၄၄-၁၉၄၅ ခုနှစ်တွင် နယ်သူနယ်သားများကို စုစည်းပြီး တပ်ဖွဲ့ကို ဦးဆောင်လျက် ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မော်ကွန်းဝင် ပင်လုံစာချုပ်ကြီးကို ရှမ်းစော်ဘွားများ ခေါင်းဆောင် တစ်ဦးအနေဖြင့် လက်မှတ်ရေးထိုးခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါကြောင်း၊ ၁၉၄၈ ခုနှစ် မတ် ၂၈ ရက်တွင် လားရှိုးမြို့ကို ရဲဘော်ဖြူနှင့် ကွန်မြူနစ်တပ်နီများ ဝင်ရောက်သိမ်းပိုက်ရာ မိမိနယ်ကရဲအမှုထမ်းနှင့် နယ်တွင်းမှ လူသူစုဆောင်းပြီး လားရှိုးမြို့ကို ၁၉၄၈ ခုနှစ် မတ်လအတွင်း ပြန်လည်တိုက်ခိုက်သိမ်းယူပြီး အစိုးရကို ပြန်လည်အပ်နှင်းနိုင်ခဲ့ပါကြောင်း၊ စော်ဘွားကြီး စဝ်ဟုံဖသည် မကွေးခရိုင် နယ်ပိုင်ဝန်ထောက်အဖြစ်လည်းကောင်း၊ အမှတ်(၁၄) ဘားမားရိုင်ဖယ် တပ်ရင်းတွင် ဗိုလ်မှူးအဆင့်ထိလည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့ပါ ကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ် အစိုးရဥက္ကဋ္ဌအဖြစ် ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ထိ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၄၉ ခုနှစ် လွတ်လပ်ရေးနေ့တွင် စော်ဘွားကြီး၏ ရဲစွမ်းသတ္တိနှင့် မျိုးချစ်စိတ်ဓာတ်ကို ဂုဏ်ပြုသည့်အနေဖြင့် သတိုးမဟာသရေစည်သူဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း။
အတိတ်သမိုင်းက မြောက်သိန္နီ စော်ဘွားကြီး အဆက်ဆက်၏ စည်းရုံးဦးဆောင်မှုဖြင့် နယ်သူ နယ်သားများ၊ ဒေသခံတိုင်းရင်းသားများသည် စည်းလုံးညီညွတ်စွာနှင့် နိုင်ငံတော်ကာကွယ်ရေး၊ နယ်ချဲ့ကျူးကျော်စစ် ခုခံတွန်းလှန်ရေး၊ ဖက်ဆစ်ဆန့်ကျင် တော်လှန်ရေးများကို ခေတ်အဆက်ဆက် ပါဝင်ဆင်နွှဲခဲ့ကြပါကြောင်း၊ ယင်းကို အသိအမှတ်ပြုသောအားဖြင့် သိန္နီနယ်၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုလည်းဖြစ်၊ သမိုင်းဝင် အဆောက်အအုံ တစ်ခုလည်းဖြစ်သည့် သိန္နီဟော်နန်းကြီးကို ဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်မှ ရှေးမူမပျက် ပြန်လည်တည် ဆောက်ပေးနိုင်ခြင်းအတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း နှစ်ထောင်းအားရ ဝမ်းသာ ဖြစ်ကြမည်ဟုလည်း ယုံကြည်ပါကြောင်း။
ယခု သိန္နီဟော်နန်းသစ်ကြီးသည် သိန္နီမြို့၏ ဂုဏ်ကျက်သရေဆောင် အဆောက်အအုံကြီးတစ်ခု ဖြစ်သကဲ့သို့ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ပြီး ဒေသခံများအနေဖြင့် သမိုင်းဝင် ယဉ်ကျေးမှု ပြတိုက်ကြီးအဖြစ် ဆက်လက်ထူထောင်၍ အများ ပြည်သူ လေ့လာအပန်းဖြေ ဗဟုသုတရှာမှီးရာ ယဉ်ကျေးမှုပြတိုက်ကြီးအဖြစ် ဆက်လက်ကြိုးပမ်း ထူထောင်သွားမည်ဖြစ်ကြောင်း ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဘာသာ သာသနာဆိုင်ရာ အခမ်းအနားများလည်း ကျင်းပသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် သိန္နီဟော်နန်းကြီး သာယာလှပခိုင်ခံ့စွာဖြင့် အဓွန့်ရှည်တည်ရှိရေးအတွက် ဒေသခံတိုင်းရင်းသားများနှင့် ဌာနဆိုင်ရာအသီးသီးမှ ပြည်သူ့ဝန်ထမ်းများအားလုံးက ပူးပေါင်း ကာ ထိန်းသိမ်းစောင့်ရှောက်သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
သမိုင်းဝင်မြို့ကျက်သရေဆောင် သိန္နီဟော်နန်းကြီးအား ပြန်လည်တည်ဆောက် ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိ
ယင်းနောက် ဒေသခံမြို့မိမြို့ဖ တစ်ဦးဖြစ်သည့် သိန္နီဟော်နန်း ပြန်လည်တည်ဆောက်မှု ပူးပေါင်း ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းမျိုးညွန့်က ဟော်နန်းအား ပြန်လည် တည်ဆောက်ပေးမှုအတွက် ကျေးဇူးတင်စကား ပြောကြားရာတွင် သိန္နီမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းအနေဖြင့် ဒေသတွင်းရှိ ရဟန်းရှင်လူ ပြည်သူအပေါင်း၏ ဆန္ဒကို ခံယူပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗုံးဒဏ်ကြောင့် မီးလောင်မြေခခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်သော စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းအား ရှေးမူရင်းလက်ရာမပျက် အသစ်တစ်ဖန်ပြန်လည် တည်ဆောက်နိုင်ရေးအတွက် တပ်မတော်ကို တင်ပြအကူအညီ တောင်းခံခဲ့ကြောင်း၊ ယခု ဟော်နန်းကြီး၏ မူလအလှူရှင် ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်နှင့် တပ်မတော်မှ ယခုဟော်နန်းကြီးကို ကူညီတည်ဆောက်ပေးခဲ့သည့်အတွက် ဒေသခံ ပြည်သူ လူထုအားလုံးကိုယ်စား အထူးကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ပန္နက်တော်တင်ဆောင်ရွက်ပေးခြင်းနှင့် တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလတွင်လည်း ကိုယ်တိုင်စစ်ဆေး လမ်းညွှန်မှုများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။
မိမိတို့ဒေသအတွင်း မှီတင်းနေထိုင်ကြသည့် ရှမ်း၊ ကချင်၊ ကိုးကန့်၊ ‘ဝ’၊ ပလောင်၊ လားဟူ၊ လီဆူ အစရှိသည့် ဒေသခံတိုင်းရင်းသားလူမျိုးများသည် ရှေးပဝေသဏီကပင် သိန္နီမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင်တွင် ချစ်ကြည်စည်းလုံးစွာဖြင့် အေးအတူပူအမျှ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည့် သမိုင်းအစဉ် အလာကောင်းများ ခိုင်မာစွာတည်ရှိခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်၏ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော ယခု ဟော်နန်းကြီးအား မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးခြင်းဖြင့် သိန္နီမြို့နယ်၏ ဂုဏ်ယူဖွယ်ရာ အထင်ကရ ကျက်သရေဆောင် အဆောက်အအုံကြီးတစ်ခု ပြန်လည်ပေါ်ထွန်းခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ဒေသတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်စေရေးကို များစွာ အထောက်အကူဖြစ်စေ၍ ပြည်ထာင်စုကြီး၏ ဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင်စေသည့် သမိုင်းမှတ်တိုင်ကြီး တစ်ခုဖြစ်သည်ကို အလေးအနက် တင်ပြအပ်ပါကြောင်း၊ ယခုဟော်နန်းကြီးအား ရှေးမူမပျက် မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးပါသော နိုင်ငံတော်နှင့် တပ်မတော်၏ စေတနာ၊ အဘက်ဘက်မှ ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြပါသော အုပ်ချုပ်ရေးဌာန အဆင့်ဆင့်နှင့် ဌာနဆိုင်ရာများ လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကျေးဇူးတင် ထိုက်သူများအားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ သိန္နီမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းမြင့်ထွန်း၊ မြို့မိမြို့ဖများဖြစ်ကြသည့် ဦးစိုင်းစံညွန့်နှင့် ဦးစိုင်းခိုင်ဝင်းတို့က သိန္နီဟော်နန်း ယဉ်ကျေးမှုပြတိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် ကမ္ပည်းမော်ကွန်းကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
၎င်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် သိန္နီဟော်နန်းယဉ်ကျေးမှု ပြတိုက်အတွင်းရှိ ဘုရားခန်း အတွင်း သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း အပါအဝင် စော်ဘွားအစဉ်အဆက် ကိုးကွယ် ခဲ့သည့် ရှေးဟောင်းဘုရားများအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် သိန္နီဟော်နန်းယဉ်ကျေးမှု ပြတိုက်အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာပစ္စည်းများ၊ စော်ဘွားကြီးများ အဆက်ဆက် အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဟော်နန်းပြန်လည် တည်ဆောက်မှု မှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေးဟောင်း လက်ရာများသည် တန်ဖိုးဖြတ်မရသည့် ပစ္စည်းများဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး အချို့သော ရှေးဟောင်းပစ္စည်းများကို မှန်ဆောင်များဖြင့် ထည့်သွင်းပြသထားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ အား ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ၏ ဟော်နန်းတော် (ဟော်ခမ်း သျှမ်းဝီ) ကို အသစ်ပြန်လည်တည် ဆောက်ပြီးစီးခဲ့ပြီး သိန္နီဟော်နန်း ယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအထိမ်းအမှတ် ပန်းချီကားနှင့် ဒေသထွက် လက်ဆောင် ပစ္စည်းများကိုပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ စစ်အဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများကို မြန်မာ့ရိုးရာ အတာသင်္ကြန်ရေများ ပက်ဖျန်း၍ နှစ်သစ်ကို အတူတကွ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ ပြန်လည် ထွက်ခွာရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရင်းရင်းနှီးနှီး လက်ပြနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ သိန္နီဟော်နန်းကို အေဒီ ၁၉၁၀ ပြည့်နှစ်၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ်ခမ်းနား ထည်ဝါသည့် ဟော်နန်းအသစ်ကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်းသား အစစ်များဖြင့် မန္တလေးနန်းတော်ပုံစံအတိုင်း ဆောက်လုပ်ထားပြီး အဆောက်အအုံကြီးတစ်ခု ထဲတွင် တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသော အဆောက်အအုံများစွာ ပါဝင်သည့်ပုံစံဖြစ် ကြောင်း၊ အလယ်တည့်တည့်တွင် ညီလာခံခန်းမကြီးတစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခု လည်းပါရှိကြောင်း၊ စော်ဘွားကြီးသည် နှလုံးလေဟပ်သည့် ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊ အေဒီ ၁၉၁၆ ခုနှစ်၊ သက္ကရာဇ် ၁၂၇၇ ခုနှစ် တန်ခူးလဆန်း ၂ ရက် အင်္ဂါနေ့ ညသန်းခေါင်ကျော် နံနက် ၁ နာရီတွင် နတ်ရွာစံ ကံတော်ကုန်ခဲ့ကြောင်း၊ အေဒီ ၁၉၃၇ ခုနှစ် သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဂျပန်လေတပ်များက ရှမ်းပြည်နယ် (မြောက်ပိုင်း) တစ်ခွင်လုံးကို ဗုံးကြဲတိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး အေဒီ ၁၉၄၀ ပြည့်နှစ်တွင် သိန္နီကို ဂျပန်တို့က အပြီးအပိုင်သိမ်းပိုက်ခဲ့ကြောင်း၊ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန် စစ်လေယာဉ်များသည် သိန္နီ-နမ္မတူ ချောင်းကူးတံတားကို ဗုံးကြဲဖျက်ဆီးခဲ့ပြီး သိန္နီမြို့ကိုလည်း ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးများကြဲချတိုက် ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး သမိုင်းတွင်ထင်ရှားခဲ့သည့် သိန္နီ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ဟော်နန်းပြန်လည် တည်ဆောက်ရေး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဟော်နန်းအဆောက်အအုံသစ်ကို မူလအဆောက်အအုံဟောင်း မြေနေရာ၏ လက်ဝဲဘက် ၆၃ ပေအကွာ၌ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ယနေ့တွင် အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် သိန္နီ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် (ဟော်ခမ်း သျှမ်းဝီ) ကို သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက်အဖြစ် ဖွင့်လှစ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ ခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများက သောင်းသောင်းဖြဖြ စည်ကားများပြားစွာ တက် ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်