သိန္နီ ၁၁ မေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိကျေးရွာများတွင် ယခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ၁၆၆ ဒသမ ၅၃ သန်း ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်း (၂)လမ်းနှင့် ရေရရှိရေးလုပ်ငန်း(၈)ခု ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ သိန္နီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်း၊ အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ၊ အမှတ်(၂)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစိန်လူ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆောင်တို့က သိန္နီမြို့နယ်အတွင်းရှိကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်း(၂)လမ်းနှင့် ရေရရှိရေး လုပ်ငန်း(၈)ခု ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီးစီးသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိုင်းသိမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
သိန္နီမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ယခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၃၆ ဒသမ ၂၉ သန်းဖြင့် မန်ချက်ကျေးရွာနှင့် လုံမောက်ကျေးရွာများတွင် ကျေးရွာ ကုန်ထုတ်လမ်းများကိုလည်းကောင်း၊ နားမုတ်၊ ဝန်းလိုင်၊ ဆိုင်ကျောက်၊ နားကုန်း၊ ပန်ဖတ်(ရှမ်း)၊ နားကွမ်း၊ မန်စောက်၊ ကွန်ခမ်းကျေးရွာများတွင် ခွင်ပြုရန်ပုံငွေ ၁၃၀ ဒသမ ၂၄ သန်းဖြင့် ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိန္နီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦး စီးမှူး ဦးဝင်းဆောင်က ပြောသည်။
စိုးမိုးကျော်


