နေပြည်တော် ၆ ဩဂုတ်

 

ရှမ်းပြည်နယ် သိန္နီမြို့နယ်နှင့် လားရှိုးမြို့တို့တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက် ည ၆ နာရီခွဲခန့်က သိန္နီမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးရှိ ကျောက်တောင်ကွေ့၌ ALPHARD အမျိူးအစား မော်တော်ယာဉ်တစ်စီး မသင်္ကာဖွယ်ရပ်တန့်ထားကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရဘဲ အဆိုပါယာဉ်ပေါ်တွင် သိုဝှက်ထားသော မောင်းပြန်ရိုင်ဖယ် သေနတ် ၁၀ လက်၊ ၎င်းကျည်အိမ် ၄၀၊ လွယ်ကြိုး ၉ ချောင်းနှင့် သေနတ်တိုက်တံဘူး ၉ ဘူးတို့အား သိမ်းဆည်းရမိကြောင်း။

 

ကွင်းဆက်အရ ဩဂုတ် ၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က သိန္နီမြို့ အမှတ်(၄)ရပ်ကွက် နေသူရ (ခ) မော်စင်ချဲနှင့် မမာကော့ (ခ) လီကျွင်း (ခ) ဝါဝါဝင်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ သူရ (ခ) မော်စင်ချဲအား မတွေ့ရဘဲ မမာကော့(ခ)လီကျွင်း(ခ)ဝါဝါဝင်းအား တွေ့ရပြီး  နေအိမ်မှ ဘိန်းစိမ်း ၁ ဒသမ ၆ ကီလို၊ အိုက်စ် ၂ ကီလို၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ ၎င်းကျည် ၇ တောင့်၊ ကျည်အိမ် ၁ ခု နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို လည်းကောင်း၊ ယင်းနေ့ ည ၁၁ နာရီခွဲက လားရှိုးမြို့ ရပ်ကွက်(၁) လမ်းတွင် စိုးထိန်လင်းနှင့် မဂျော်ကျီးထိုက်(ခ)ရှောက်ယုံတို့ကို မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။

 

သို့ဖြစ်၍  မမာကော့(ခ)လီကျွင်း(ခ)ဝါဝါဝင်း (၂၈ နှစ်)၊  စိုးထိန်လင်း(၂၆ နှစ်)၊ မဂျော်ကျီးထိုက်(ခ) ရှောက်ယုံ(၃၀ နှစ်)တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သတင်းရရှိသည်။

 

(သတင်းစဉ်)