နေပြည်တော်၊ အောက်တိုဘာ ၂၀
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု များသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာအရေးကြီးပြီး အဓိက မောင်းနှင်အားဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ စွမ်းဆောင်ရည်ရှိသော လူ့စွမ်းအား အရင်း အမြစ်များ ပြုစုပျိုးထောင်ရေးနှင့် နိုင်ငံတကာ အဆင့်မီ သိပ္ပံ၊ နည်းပညာဆိုင်ရာဝန်ဆောင် မှုနှင့်ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ သင်ကြားသင်ယူမှုတွင် ဒီဂျစ်တယ် နည်းပညာနှင့် ICT အခြေပြု ဆန်းသစ်သော သင်ကြား သင်ယူမှုစနစ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက် သွားရမှာဖြစ်ပြီး တက္ကသိုလ်များနှင့် ကောလိပ်များကို အရည်အသွေးအာမခံမှုနှင့် နိုင်ငံတကာအသိ အမှတ်ပြုမှုများ ပိုမိုတိုးပွားလာစေရေး မဟာဗျူဟာများ လည်း ချမှတ်ထားရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြား သည်။
ယနေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇) Consultation Meeting တွင် ပြည်ထောင်စုဝန်ကြီး က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာ စီမံကိန်း(၂၀၂၂-၂၀၂၇) ရေးဆွဲရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ ၅ နှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် စီမံကိန်းနှင့်လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ ရည်ညွှန်းကိန်းများသတ်မှတ်၍ အကောင်အထည် ဖော်ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ဤမဟာဗျူဟာစီမံကိန်းကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များ အပေါ်အခြေခံ၍ နိုင်ငံတော်၏ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံ ကိန်း (National Comprehensive Development Plan–NCDP)၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Goals-MSDG) တို့နှင့် ချိတ်ဆက်ရေးဆွဲ ထားသည့် သိပ္ပံနှင့်နည်းပညာကဏ္ဍအားလုံး ဘက်စုံလွှမ်းခြုံသော စီမံကိန်းဖြစ်ပါကြောင်း၊ ဦးစီးဌာနများနှင့် Stakeholder များအကြား ပူးပေါင်းပါဝင်ညှိနှိုင်းမှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)၏ အနှစ်ချုပ်အားရှင်းလင်း တင်ပြသည်။
ယင်းနောက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၅ နှစ်တာကာလအတွင်း သက်ဆိုင်ရာဦးစီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် မဏ္ဍိုင်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့သည်။
ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လေ့လာ ဆန်းစစ်အကဲဖြတ်မှုကဏ္ဍအား ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ ဦးစီးဌာနများမိမိတို့ကဏ္ဍအလိုက် Section များခွဲ၍ ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
အဆိုပါအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)