နေပြည်တော် ဇူလိုင် ၂၈
သိပ္ပံနှင့်နည်းပညာဆိုင်ရာ မူပိုင်ခွင့်အသိပညာ ပြန့်ပွားရေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အဖွင့်အမှာစကား ပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ပြုနိုင်ရန် သုတေသနဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ နည်းပညာ ဆိုင်ရာတီထွင်မှု မူပိုင်ခွင့်များကို ပိုင်ဆိုင်မှုများရရှိစေရန် မူပိုင်ခွင့်ဆိုင်ရာ စီမံချက်များကို ချမှတ်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်၊ တီထွင်မှုနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေများနှင့် သက်ဆိုင်သည့် သိကောင်းစရာများနှင့် အကျိုးကျေးဇူးများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်း၊ သုတေ သနဌာနများက တီထွင်ဖန်တီးထားသည့် သုတေသနများကို MSME နှင့် လုပ်ငန်းခွင်များတွင် ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် မူပိုင်ခွင့်ဆိုင်ရာအကာကွယ်ပေးမှုများကို အကျိုးရှိစွာ အသုံးပြုရေး၊ သုတေသနနှင့် တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်အကာအကွယ်ပေးခြင်းဖြင့် ကိုယ်ပိုင်တီထွင် ဖန်တီးလိုစိတ်များမြှင့်တင် ပေးရေး၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများ ရရှိစေရေး၊ တီထွင်ဖန်တီးသူများနှင့် တက္ကသိုလ် များအတွက် ဝင်ငွေရရှိစေရေး၊ နည်းပညာနှင့် ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဟောပြောသည်။
ဟောပြောပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် သုတေသနနှင့် နည်းပညာဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်သူများ တက်ရောက်ကြ၍ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)