နေပြည်တော် ဇွန် ၂၅
သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၁) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ သိပ္ပံနှင့်နည်း ပညာဆိုင်ရာ လူသားအရင်း အမြစ်များမွေးထုတ်ပေးရန်၊ မိမိတို့၏ထုတ်ကုန်များ စံချိန်စံညွှန်းနှင့်အညီ ရှိမရှိ သတ်မှတ် အရည်အသွေးပြည့်မီမှု ရှိ မရှိ ဆန်းစစ်တိုင်းတာရန်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အမျိုးသားရေး လုပ်ငန်းတာဝန်များကို နိုင်ငံကိုယ်စားထမ်းဆောင်ရန် တာဝန်ရှိပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် အခြေခံကျွမ်းကျင်လုပ်သားများမှအစပြု၍ အဆင့်မြင့် နည်းပညာရှင်များအထိ လေ့ကျင့်မွေးထုတ်ပေးရန် တာဝန်ရှိပါကြောင်း။
နည်းပညာရှင်များသည် မိမိတို့အတတ်ပညာ၊ နည်းပညာများကို မှန်မှန်ကန်ကန် အများပြည်သူအကျိုး၊ နိုင်ငံအကျိုးဖြစ်စေရန်၊ အသုံးချနိုင်စွမ်းရှိရန်လိုအပ်ပြီး ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက် နိုင်မှုများကို ကြိုတင်မျှော်မှန်းနိုင်ရန်လိုအပ်ကြောင်း၊ ဤသို့ဖြစ်ရန် Professional ပညာရပ်များသာမက မိမိတို့လုပ်ဆောင်ချက်များ ကျင့်ဝတ်နှင့်အညီဖြစ်စေရန်၊ အသင်းအဖွဲ့စိတ်ဖြင့် ပူးပေါင်းဆောင်ရွက် တတ်ရန်၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်စွာ ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီ မိမိနိုင်ငံလိုအပ်ချက်နှင့်ကိုက်ညီသည့် နိုင်ငံအတွက်အကျိုးပြုသည့် ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် လိုအပ်သည့်အချက်များ ဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပြင် သိပ္ပံနှင့်နည်းပညာကဏ္ဍကို ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို မဟာဗျူဟာကျကျ၊ နည်းစနစ် တကျနှင့် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။
တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား တိုးမြှင့်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ဒေသတွင်းတွင် ယှဉ်ပြိုင်ပြီး တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာရပ်များက အရေးကြီး သကဲ့သို့ အဆင့်မြင့်လုပ်ငန်းစဉ်များနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များသည် ပြောင်းလဲလျက်ရှိသည့် လုပ်ငန်းခွင်နည်းပညာရပ်များနှင့် လိုက်လျောညီထွေပြီး ကျွမ်းကျင်မှု ပြည့်ဝစွာနှင့် ဆောင်ရွက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ် Skillful Workforce ကအဓိက လိုအပ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ယင်းသို့ Skillful Workforce ကို သက်မွေးပညာ TVET Education ကသာလျှင် မွေးထုတ် ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည့်အတွက် အထူးအားစိုက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး စိစစ်အသိအမှတ်ပြုမှုကော်မတီ၏ မူဝါဒ၊ စံချိန်စံညွှန်းများနှင့်အညီ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်နှင့် ရွှေပြည်သာ)တွင် စတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စိစစ်မှုခံယူနိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိ သည်ကို သိရှိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လျာထားဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များက သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)


