နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက် (၁၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် အသစ်ခန့်အပ်ထားသော နည်းပြ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်း၊ အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းထွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ ရည်ရွယ်ချက် (၆) ခုအနက် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု လုပ်ငန်းနယ်ပယ်များတွင် လိုအပ်သော ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင် လေ့ကျင့်မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက် အောင်မြင်ပြီးမြောက်စေရန် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနများအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများအပေါ်တွင် အဓိကကျပါကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒ (၈) ခုအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် “ဒေသတွင်း သိပ္ပံနှင့်နည်းပညာ သင်ယူနိုင်မှု အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်းဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားလာပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများ စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန် စသည့်မူဝါဒများကို ဆရာ၊ ဆရာမများအနေဖြင့် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းအသီးသီးတွင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ (၅၅၇) ဦး နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ (၄၄၂) ဦး၊ စုစုပေါင်းနည်းပြ ဆရာ၊ ဆရာမ စုစုပေါင်း (၉၉၉) ဦးတို့ကို (၂၀၂၀-၂၀၂၁) ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အသစ်ခန့်အပ်နိုင်ခဲ့ပါကြောင်း၊ နည်းပြဆရာ၊ ဆရာမများအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ၊ ဆရာမများ အားလုံးကို ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သင်ကြား သင်ယူမှု ဝန်းကျင်ကောင်းများဖြစ်အောင် စဉ်ဆက်မပြတ် အထောက်အပံ့ပေးမည်ဖြစ်ပြီး၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာ ပညာရပ်နယ်ပယ်တွင် ကျွမ်းကျင်တတ်မြောက်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းနေကြရမည်ဖြစ်ကြောင်း၊ ၂၁ - ရာစုတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော ICT နည်းပညာများကို မျက်ခြေမပြတ် လေ့လာသင်ယူ၍ မိမိတို့၏ သင်ကြားသင်ယူမှု လုပ်ငန်းများ၌ အကျိုးရှိ ထိရောက်အောင် အသုံးချနိုင်ရေးလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  အင်္ဂလိပ်ဘာသာရပ်သည်လည်း မဖြစ်မနေ တတ်ကျွမ်းရမည့် ဘာသာရပ် တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့သင်ကြား မွေးထုတ်ပေးမည့် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာပညာရပ် နယ်ပယ်တွင် အမှန်တကယ် တတ်မြောက်ရန်သာမက နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်စွာသိမြင်ပြီး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်တတ်ရန် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ နည်းပညာ/ကွန်ပျူတာ တက္ကသိုလ်များ (၆၀)၊ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများ (၇၀)၊ စုစုပေါင်း တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်း (၁၃၀) တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ခံများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၁၁၅၆) ဦးနှင့် အသစ်ခန့်အပ်ထားသော နည်းပြ ဆရာ၊ ဆရာမ (၉၉၉) ဦး စုစုပေါင်း (၂၁၅၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်