နေပြည်တော် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သုံးစွဲလျက်ရှိသော Gasifier အမျိုးအစားများအလိုက် အားသာချက်များနှင့် အားနည်းချက်များကို လေ့လာသုံးသပ်၍ ဒေသတွင်းပညာရှင်များက စွမ်းအားမြင့် စပါးခွံလောင်စာသုံး Gasifier များ တပ်ဆင် တည်ဆောက်၍ အသုံးပြုနိုင်စေရေးအတွက် သင့်လျော်သော ဒီဇိုင်းနှင့် နည်းပညာများကို ပြည်သူများထံ ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ ကောက်ယူရရှိသော နမူနာများကို ဓာတ်ခွဲစမ်းသပ်၍ ရလဒ်များကို ဆန်းစစ်သုံးသပ်ကာ စက်ရုံမှစွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ အကျိုးရှိစွာ အသုံးပြုနိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပြည်လည်တင်ပြမည်ဖြစ်ပါကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
ဇူလိုင် ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ကျုံပျော်ခရိုင်၊ အထောင်မြို့နယ်တို့ရှိ စပါးခွံ လောင်စာသုံး Gasifier စက်ရုံများကို ကြည့်ရှုစစ်ဆေးစဉ်ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းသည်။
ထိုပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ရှိ ဂျိုးဖြူဆန်စက်အတွင်း စပါးခွံလောင်စာသုံး ဓာတ်ငွေ့ထုတ်စက်ရုံ လည်ပတ်နေမှု၊ ရေစက်များမှ ရေသန့်စင်ကာ စိုက်ခင်းအထိ ရေပေးဝေနေမှုကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများသည် ကျုံပျော်ခရိုင်၊ အထောင်မြို့နယ်ရှိ ချမ်းမြေ့လင်း ဆန်စက်၊ စိုးရွှေနှင်းဆန်စစ်နှင့် ဝင်းမေတ္တာ ဆန်စက်တို့တွင် ခေတ်မီစက်ကြီးများ အသုံးပြု၍ စက်လည်ပတ်နေမှုများနှင့် စပါးခွံလောင်စာသုံး ဓာတ်ငွေ့ထုတ်စက်လည်ပတ်နေမှု၊ စွန့်ပစ်ရေများကို ရေစစ်ကန်များဖြင့် သန့်စင်စွန့်ပစ်နေမှု၊ ထွက်ရှိလာသည့် ပြာနှင့်ကတ္တရာများ ဖယ်ရှားနိုင်မှု၊ အင်ဂျင်နှင့် ဒိုင်နမိုတပ်ဆင်အသုံးပြုမှုများကို စစ်ဆေးကြည့်ရှုခဲ့ ပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်)တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီး စက်ရုံပိုင်ရှင်များနှင့် ချိတ်ဆက်၍ စပါးခွံ လောင်စာသုံး Gasifier စက်ရုံများ ဖွံ့ဖြိုးတိုးတက်စွာ အသုံးပြုနိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့် လက်တွေ့ကျသည့် သုတေသနများကို ဆောင်ရွက်၍ ရလဒ်များကို မျှဝေပေးရန်၊ လိုအပ်သည့်နည်းပညာများ လွှဲပြောင်း ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)