မြစ်ကြီးနား ၃၀ နိုဝင်ဘာ
မြစ်ကြီးနားတက္ကသိုလ်မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော မြစ်ကြီးနားတက္ကသိုလ်၊ ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်နှင့် မလေးရှားနိုင်ငံ ပူထရာတက္ကသိုလ်တို့ ပူးပေါင်း၍ ပထမအကြိမ်နိုင်ငံတကာသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာညီလာခံ (MISCC-2019) စာတမ်းဖတ်ပွဲကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသည်။
စာတမ်းဖတ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကျင်းပပြုလုပ်မည့် နိုင်ငံတကာစာတမ်းဖတ်ပွဲ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်မှ ဓာတုဗေဒဆိုင်ရာပါမောက္ခ Mr.အိုယာမားက အခြေခံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပင်အခြေခံသော ဇီဝပလပ်စတစ်နည်းပညာအကြောင်းကို ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ကချင်ပြည်နယ်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး မြစ်ကြီးနား တက္ကသိုလ်၊ သမိုင်းဌာနမှ တွဲဘက်ပါမောက္ခ ဒေါက်တာကျော်ဆွေညွန်က “ဒီနိုင်ငံတကာစာတမ်းဖတ်ပွဲ မှာ သိပ္ပံဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ စာတမ်း ပေါင်း ၂၀၉ စောင် တင်သွင်းပြီးတော့မှ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကောလိပ်အားလုံးက ဖတ်သလို နိုင်ငံခြားတက္ကသိုလ်တွေကလဲ လာရောက်ဖတ်ကြားမှာ ဖြစ်ပါတယ်၊ ဒီပွဲကို အပိုင်း(၅)ပိုင်း၊ အခန်း(၅)ခွဲ ခွဲပြီးတော့မှ တစ်ပြိုင်နက်တည်း စာတမ်းဖတ်ကြားသွားမှာ ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောပြသည်။
အဆိုပါ ပထမအကြိမ် နိုင်ငံတကာသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာညီလာခံ စာတမ်းဖတ်ပွဲကို မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာ စာတမ်းပေါင်း ၂၀၉ စောင်ကို ဓာတုဗေဒ ဆိုင်ရာ၊ ရူပဗေဒဆိုင်ရာ၊ သင်္ချာဆိုင်ရာ၊ ဇီဝရုက္ခဗေဒဆိုင်ရာ၊ ဘာသာဗေဒဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ စသဖြင့် အပိုင်း(၅)ပိုင်း၊ အခန်း(၅)ခန်းခွဲ၍ စာတမ်းဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)
