ကနီ ၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝယာကျေးရွာအုပ်စု၊ ရသယာကျေးရွာတွင် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထားသော မိုးမြေပဲ ဆင်းပဒေသာ(၁၁) တောင်သူပညာပေး စံကွက်ရိတ်သိမ်းပွဲကို ကွင်းအမှတ် ၈၁ (က)ကွင်းရှိ ဦးပိုင်အမှတ် ၄၇၊ တောင်သူဦးစောထွန်း၏ ၂ ဒသမ ၅၀ ဧကကွင်းတွင် စက်တင်ဘာ ၇ ရက်နေ့ နံနက်က ပြုလုပ်သည်။
ယင်းသို့ တောင်သူ ဦးစောထွန်း၏ ၂ ဒသမ ၅၀ ဧကတွင် စိုက်ပျိုးထာသော မိုးမြေပဲ ဆင်းပဒေသာ (၁၁) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် စံပြစိုက်ကွက် စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကကို အစိုထွက် (၁၂၅)တင်း ထွက်ရှိကြောင်း သိရသည်။ စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မျိုးဝင်းက ဆင်းပဒေသာ (၁၁) မြေပဲမျိုး၏ အရည်အချင်း လက္ခဏာများ၊ စိုက်နည်းစနစ်များ၊ အခြားမြေပဲများနှင့်မတူပဲ အတောင့်ကြီးထွားမှု၊ အပင်တစ်ပင်၏ ဥပါရှိမှုများကို တက်ရောက်လာသော တောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားသည်။
ကနီမြို့နယ်တွင် မြေပဲစိုက်တောင်သူများမှာ ဒေသအခေါ် ပင်ထောင်မြေပဲ၊ အထွက်တိုး ဆင်းပဒေသာ(၁၁) မြေပဲမျိုးများနှင့် အခြားအထွက်တိုးမြေပဲများကို မိုးသီးနှံနှင့် ဆောင်းသီးနှံရာသီများတွင် တောင်သူများအနေဖြင့် နှစ်စဉ်တွင်ကျယ်စွာ စိုက်ပျိုးကြကြောင်း သိရသည်။
" ကျွန်တော်တို့ အခုလိုတောင်သူပညာပေး စံကွက်ရိတ်သိမ်းခြင်းမှာ ဒီရသယာကျေးရွာမှ ထွက်ရှိသော ဆင်းပဒေသာ(၁၁) သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထားသော စံပြကွက်က ထွသော မျို့စေ့များကိုလည်း မြို့နယ်အတွင်ရှိ တောင်သူများကို ပြန်လည်ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်" မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သန်းဌေးအောင်(ကနီ)


