ခြူးစန္ဒီနွေး

အမေရိကန်ပြည်ထောင်စုမှာ ဧပြီလအတွင်းက ကိုဗစ်-၁၉ ကူးစက်မှု အလွန်မြင့်တက်နေခဲ့ပြီး အသွားအလာပိတ်ဆို့ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ နောက်ပြီး ဆေးရုံ တွေမှာလည်း လူနာတွေနဲ့ ပြည့်နှက်ကုန်ပါတယ်။
အကောင်းဆုံးမျှော်လင့်ချက်
အဲဒီအချိန်မှာ ကျန်းမာရေးနဲ့ လူအရင်းအမြစ် ဝန်ဆောင်မှုဌာနက အိမ်ဖြူတော်မှာ တင်ပြချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကိုဗစ် - ၁၉ အတွက် ကာကွယ်ဆေးကို အလျင်အမြန် ထုတ်လုပ်နိုင်မှသာလျှင် ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်မယ်လို့ တင်ပြခဲ့ကြပါတယ်။ ကာကွယ် ဆေးရဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်ကတော့ အောက်တိုဘာ ၂၂ ရက်လို့ အဲဒီတုန်းက ဖော်ပြခဲ့ပါတယ်။ ကာကွယ်ဆေးတစ်ခုဖြစ်လာဖို့ နှစ်နဲ့ချီပြီး ကြိုးစား ရပေမယ့် အခုကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် ကာကွယ်ဆေးရရှိဖို့ အလျင်အမြန်လုပ်ဆောင်ရမယ့် ကာလဖြစ်နေပါတယ်။
အစိုးရ၏အကူအညီ
လူတွေထောင်နဲ့ချီပြီး သေဆုံးရသလို အလုပ်မသွား နိုင်တဲ့ လူဦးရေဟာလည်း သန်းနဲ့ချီပြီး ရှိလာတယ်။ ဒါကြောင့် ကိုဗစ် - ၁၉ ဟာ အစိုးရနဲ့ပြည်သူ ပူးပေါင်း တိုက်ဖျက်ရမယ့်အရာဖြစ်ပြီး အစိုးရဟာ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ဇီဝနည်းပညာကုမ္ပဏီကြီး တွေကို ဒေါ်လာဘီလီယံနဲ့ချီပြီး ထောက်ပံ့ခဲ့တယ်။ ကာကွယ်ဆေးထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အကူအညီ တွေ ထောက်ပံ့တဲ့နေရာမှာ ကြိုးနီးစနစ်အတိုင်းမသွားဘဲ လျင်လျင်မြန်မြန် အထောက်အပံ့တွေရအောင် ကူညီပေး ခဲ့တယ်။
မဲဆွယ်စည်းရုံးပွဲနဲ့ ကာကွယ်ဆေး
အမေရိကန်သမ္မတထရမ့်ကတော့ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ကာကွယ်ဆေးကို အလျင်အမြန် ရချင်ပါတယ်။ မဲဆွယ်စည်းရုံးပွဲကာလမှာ ကိုဗစ် -၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးပြိုင်ပွဲဟာ အဓိကအကြောင်း အရာဖြစ်လာပြီး ထရမ့်ရဲ့သမ္မတသက်တမ်းကာလမှာ မျက်နှာသာပေးခြင်းမခံရတဲ့ သိပ္ပံနဲ့ ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာတယ်။ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ဖြူတော်ကပေးတဲ့ ဖိအားတွေကြောင့် ကာကွယ်ဆေးထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ နိုင်ငံရေး ကြားဝင်စွက်ဖက်မှုတွေရှိလာမှာကို အစိုးရသုတေသီ တွေက စိုးရိမ်နေကြပါတယ်။
စိုးရိမ်နေကြ
ကာကွယ်ဆေး မြန်မြန်ရရှိဖို့နဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကြားမှာသာ တူညီမှုမဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ အစိုးရအရာရှိတွေ၊ သိပ္ပံပညာရှင် တွေနဲ့၊ ပြင်ပက ကျွမ်းကျင်သူတွေနဲ့ အင်တာဗျူးအရ သိရပါတယ်။ ဆေးကို လူသားတွေမှာ စမ်းသပ်မှုကာလ နဲ့ ဘယ်အချိန်မှာ တရားဝင်ခွင့်ပြုပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေပါတယ်။ ကာကွယ် ဆေးကို တရားဝင်ခွင့်ပြုမပေးမီ စမ်းသပ်ချိန်ပိုပြီး ကြာကြာယူလေ ပိုမိုစိတ်ချရပြီး အစွမ်းထက်တဲ့ ကာကွယ်ဆေးကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
အားလုံးရဲ့မျှော်လင့်ချက်
ဒါပေမယ့်လည်း အမေရိကန်မှာ နေ့စဉ် လူ ၁၀၀၀ လောက် သေဆုံးနေတာတွေ၊ ကျောင်းတွေပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးတာတွေနဲ့ တိုင်းပြည်တစ်ဝန်း စီးပွားရေး တစ်ရှိန်ထိုး ကျဆင်းသွားတာတွေကြောင့် မူလလူနေမှု ပုံစံကို ပြန်ရဖို့က အားလုံးရဲ့ မျှော်လင့်ချက်ဖြစ်နေပါတယ်။ ဩဂုတ် ၁ ရက်မှာတော့ ရုရှားဟာ အောက်တိုဘာလ ကစပြီး တစ်နိုင်ငံလုံးအနှံ့ကာကွယ်ဆေးထိုးဖို့ အစီအစဉ် ရှိတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
FDA အပေါ် ဖိအားပေးမည်ကိုစိုးရိမ်
အမေရိကန်သမ္မတထရမ့် အစိုးရအဖွဲ့နဲ့ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ကာကွယ်ဆေးရရှိဖို့ ပူးပေါင်းကြိုးစားကြပေမယ့် မူလသတ်မှတ်တဲ့ အချိန်ဖြစ် တဲ့ အောက်တိုဘာလမှာ ကာကွယ်ဆေးရရှိဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ သတ်မှတ်ရက်နဲ့ လွဲချော်သွားနိုင်ပါ တယ်။ အခုအခါမှာတော့ အမေရိကန်အစိုးရအဖွဲ့ဟာ ယခုနှစ် ကုန်ပိုင်းနဲ့ ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာ ကာကွယ် ဆေးကို သန်းနဲ့ချီပြီးထုတ်လုပ်နိုင်ဖို့ တွန်းအားပေးနေ ပါတယ်။ ဒါပေမယ့်လည်း ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မပြည့်စုံသေးတဲ့အချက်တွေကို လျစ်လျူရှုပြီး နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်မီ ကာကွယ်ဆေးကို အရေး ပေါ် အတည်ပြုထောက်ခံပေးဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(FDA) အပေါ် အိမ်ဖြူတော်က ဖိအားတွေပေးမှာကို အစိုးရအတွင်းက ကျွမ်းကျင်ပညာ ရှင်တွေသာမက ပြင်ပကကျွမ်းကျင်ပညာရှင်တွေကပါ စိုးရိမ်နေကြဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။
သမ္မတထရမ့်၏မျှော်လင့်ချက်
ကာကွယ်ဆေးအလျင်အမြန်ရရှိဖို့ အစိုးရအဖွဲ့ကနေ အရှိန်အဆမတန်မြှင့်တင်ခိုင်းမှာကို စိုးရိမ်နေတဲ့သူတွေအများကြီးရှိပါတယ်။ ကာကွယ်ဆေးနှစ်မျိုး၊ သုံးမျိုး ထဲကနေ တစ်ခုကိုဆွဲထုတ်ခိုင်းပြီး အတင်းမြန်မြန်လုပ်ခိုင်း မှာကို ထိတ်လန့်နေကြတာပါ။ အခုအချိန်အထိ လူဦးရေ ထောင်ဂဏန်းလောက်ကို စမ်းသပ်မှုလုပ်ထားနိုင်ပြီး စိတ်ချရပုံပေါက်တယ်လို့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန ကာကွယ်ဆေးအကြံပေးကော်မတီရဲ့အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ဒေါက်တာပေါလ်က ပြောပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကတော့ ကာကွယ်ဆေးကို လျင်လျင်မြန်မြန် အသိအမှတ်ပြုနိုင်ရေး မျှော်လင့်ချက် တွေ များနေပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်ကပဲ မြောက်ကာရိုလိုင်းနားက ဇီဝနည်းပညာဓာတ်ခွဲခန်းကိုသွားရောက်ခဲ့ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း ကာကွယ်ဆေးရရှိဖို့ အလေးပေးပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးမြန်မြန်လိုချင်
ပြီးခဲ့တဲ့လအတွင်း တွစ်တာပေါ်မှာ ရေးသားခဲ့တဲ့ စာမှာလည်း သမ္မတထရမ့် ပြန်လည်ရွေးကောက်ခံရဖို့ ကာကွယ်ဆေးရရှိမှုတို့ကြား ဆက်စပ်နေမှုကို ဖော်ပြခဲ့ ပါသေးတယ်။ ပင်ဆယ်ဗေးနီးယားမှာ ဩဂုတ် ၁ ရက်က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာတော့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနဟာ သူ့ရဲ့ ညွှန်ကြားမှုတွေနဲ့ ကောင်းကောင်း လုပ်နေတယ်လို့ ထရမ့်က ပြောခဲ့ပါ တယ်။ ဒါကြောင့်မို့လည်း ကာကွယ်ဆေးမြန်မြန်ရဖို့ သူ့ရဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာတယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမတိုင်မီ သတ်မှတ်ထားတဲ့ ရက်ထက်စောပြီး ကာကွယ်ဆေးရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောပါတယ်။ ဒါ့အပြင် အပြီးသတ်နိုင်ဖို့ တော်တော်လေးနီးကပ်နေပြီလို့ ထရမ့်က ဆက်ပြောပါတယ်။
FDA အပေါ်ယုံကြည်
သမ္မတထရမ့်ရဲ့ သမက်ဖြစ်သူ အကြံပေးအရာရှိ တစ်ဦးဖြစ်တဲ့ ဂျားကူရှ်နာကတော့ သမ္မတထရမ့် ပြန်လည်ရွေးကောက်ခံရရေး ကြိုးပမ်းနေသူဖြစ်ပြီး ကာကွယ်ဆေးအတွက် ပြုလုပ်တဲ့ အစည်းအဝေးတွေကို မပျက်မကွက် တက်ရောက်သူလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိမှုအတွက် ကြိုးပမ်းရာမှာ နိုင်ငံရေး လွှမ်းမိုးမှုတွေ ပါဝင်လာမှာကို စိုးရိမ်နေကြပေမယ့် အမေရိကန်သမားတော် ဒေါက်တာ အန်သိုနီကတော့ FDA ကို ယုံကြည်စိတ်ချတယ်လို့ ပြောပါတယ်။ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် FDA ဟာ သိပ္ပံပညာကိုပဲကြည့်ပြီး ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ အခုတစ်ကြိမ်မှာလည်း ဒီအတိုင်းပဲဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ကိုးကား - နယူးယောက်တိုင်းမ်စ်
မြန်မာ့အလင်း