မင်းဘူး ဇွန် ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာမှ တောင်သူများသည် ရာသီဥတုမကောင်း၍  မိုးသီးနှံများ စိုက်ပျိုးရာတွင် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းသည့်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် တောင်သူလုပ်ငန်းအပြင် သိုးနှင့်ဆိတ်ကို တွဲဖက်မွေးမြူထားကြကြောင်း ရွာသာကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။

သိုးနှင့်ဆိတ်အတွက် အစာများမှာ လမ်းဘေးတစ်လျှောက်နှင့် မစိုက်ရသေးသော စိုက်ခင်းများ၊ မြေဇာပင်၊ ခံပင်၊ ဆီးပင်၊ ခြုံပင်များ ပေါက်ရောက်သော စားကျက်များတွင် နံနက်တစ်ကြိမ် ညနေဘက်တစ်ကြိမ် လွှတ်ကျောင်းခြင်းဖြင့် သိုးနှင့် ဆိတ်များအတွက် အစားအစာ ကုန်ကျစရိတ် သက်သာကြောင်း၊ အခြား မည်သည့်ဖြည့်စွက်စာမျှ ထူးထူးထွေထွေ မကျွေးရကြောင်း၊ သိုးကျောင်းမည့်သူနှင့် ခြံသန့်ရှင်းရေးလုပ်သူနှစ်ဦး ထားပေးရကြောင်း၊ သိုးများကို ခြံများဖြင့်ထားကြပေမယ့် မြေကြီး၌ထားရာတွင် အညစ်အကြေးကင်းစင်နေမှ ရောဂါကင်းဝေးပြီး အကောင်ဖြစ်ထွန်းကြောင်း သိရသည်။

“ဦးလေးတို့ခြံမှာ သိုးနှင့် ဆိတ် အကောင် ၃၀၀ မွေးထားပါတယ်။ ဆိတ်ကတော့ အကောင် ၂၀ လောက်ရှိတယ်။ မိုးတွင်းပူပြင်းတဲ့အချိန်နဲ့ နွေရာသီတွေမှာ ၅/၆ ရက်တစ်ကြိမ် မြစ်ဆိပ်သွားပြီး ရေချိုးပေးရတယ်။ ၁ နှစ်ကို ကျပ် ၁၅ သိန်းဝန်းကျင် အမြတ်အစွန်းရပြီး သိုးတစ်ကောင် အရောင်းအဝယ်လုပ်မယ် ဆိုရင်တော့ ကျပ် ၈၀၀၀၀ ဝန်းကျင်ရှိတယ်။ ကုန်သည်ရဲ့ ဝယ်လိုအားနဲ့ သိုးချော သိုးသန့်ပေါ်မူတည်ပြီး ဈေးအနိမ့် အမြင့်ရှိတယ်။ တောင်သူလုပ်ငန်းအပြင် သိုးနှင့် ဆိတ်ပါ တွဲဖက်မွေးမြူတဲ့အတွက် အထောက်အကူဖြစ်ပြီး တစ်ဖက်တစ်လမ်းကနေ ဝင်ငွေပါရတော့ ဦးလေးတို့ တောင်သူတွေအနေနဲ့ အဆင်ပြေတာပေါ့” ဟု ရွာသာကျေးရွာမှ တောင်သူ လုပ်ငန်းအပြင် သိုးနှင့် ဆိတ်များပါ တွဲဖက်မွေးမြူသူ ဦးပေါက်စက ပြောသည်။   

ဇေယျာထက်(မင်းဘူး)