ရွှေကူနန်းနွဲ့နွဲ့

ရာသီပန်းများ (ကင်းဝန်မင်းကြီး)

ပန်းကံ့ကော် ရွှေစကား

ရွှေသားနု စံပယ်မှန်

မြတ်လေး၊ ခတ္တာနှင့်

ရွှေယင်းမာ၊ ကြာ၊ ခဝဲ

ဖွဲစနှင်းလျှံ။

သဇင်ကျံ၊ ခွာတံပေါက်လဲ

ပွင့်ဝတ်ကယ် ရွှေဖီမင်း 

သင်းထုံနံ့ကဲ။ ။

ကင်းဝန်မင်းကြီးလက်ရာ ဤကဗျာလေးမှာ တိုတိုလေးနှင့် ခရီးရောက်သော ကဗျာကလေးပင်။ မြန်မာ့ဆယ့်နှစ်လတွင် ပန်းဆယ့်နှစ်မျိုးမက ပွင့်ကြပါသည်။ ပန်းမပွင့်သောလဟူ၍ မရှိပါ။ ကဗျာတွင် ဖော်ပြသောပန်းများမှာမူကား လ၏ ထင်ရှားသော ပန်းများဖြစ်ပါသည်။

ရှေးစာဆိုကြီးများသည် ရာသီဘွဲ့များကို တေးသီချင်း၊ ကဗျာ၊ လင်္ကာများဖွဲ့၍ ရေးသားထားခဲ့ကြရာ မဟာဂီတဝင် တေးအများပင်ရှိနေပါသည်။ မဟာ ဂီတဝင်တေးသီချင်းများကို တူရိယာဖြင့်တွဲဖက်၍ သတ်မှတ်တေးသွား၊ စည်းဝါးများနှင့် (သောတာလင်္ကာရ) နားဆင်မညည်းစရာ သီဆိုတီးမှုတ်ကြရာ စာဆိုတော်လဖြစ်သော နတ်တော်လတွင် ဦးဦးဖျားဖျား ပွင့်လာကြသော သဇင်ပန်းကို စာဆိုတော် ဦးကြော့က တေးထပ်အဖြစ် ရေးဖွဲ့ခဲ့သည်ကို စာရေးသူ နှစ်သက်လှသဖြင့် မြန်မာ့ရုပ်သံတွင် ရိုက်ကူးထုတ်လွှင့်နေသော “ဆယ့်နှစ်လ ရာသီဘွဲ့ တေးကဗျာများ”တွင် နတ်တော်လဘွဲ့ တေးတစ်ပုဒ်အဖြစ် ထုတ်လွှင့်ခဲ့ပါသည်။

“နတ်တော်လ သဇင်ပန်းတေးထပ်” (ဦးကြော့)

မိဂသီစန္ဒာခလို့၊ ဟံသာစ တာရိန်၊

ယန္တာဟ ဝဠာရှိန်ငယ်၊ ပြာမှိန်မှိန်ရစ်သန်း၊

နတ်နိုးလ သင်းခြွေသည်

သွင်းတဲ့လေညှင်း လေကမြန်း။ ။

တိုင်းကေတုမဟီသာဝယ်၊ ဝဇီရာကြငှန်း 

တညီလာ ရွှေနန်းမှာ၊ ဗွေမန်းကြော့ဥကင်။ ။

ဆက်ပဏ္ဏာချီ မှီလုတာမို့၊ သိင်္ဂီဥ ပန်းမြသဇင်။

စိန်စီနု ကလပ်တင်သည်၊ 

နတ်ဘုရင် ဆင်ယင်တုန်းဟာမို့၊ 

အင်ဂမုန်း ဂန္ဓာရုံ၊ သင်းပျံ့ဝတ်မှုံ၊ 

ဥသျှောင်ပန်း၊ သန်းရွေလှုံသည်၊ 

နန်းရွှေဘုံ ထုံဆဲမို့လေး။ ။

ရှေးစာဆိုကြီးများ ရာသီဘွဲ့ရေးဖွဲ့လျှင် လ နှင့် ရာသီ၊ ရာသီနှင့် ပန်း၊ ကောင်းကင်နက္ခတ်များ၊ ပတ်ဝန်းကျင်မြင်ကွင်း၊ တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်၊ ကျေးငှက်သာရကာ စသည်ဖြင့် စုံစေ့အောင်ရေးဖွဲ့ကြသောကြောင့် နှောင်းလူများ အသိဗဟုသုတ ရရှိစေပါသည်။

မြန်မာမှုများ တဖြည်းဖြည်း ကွယ်ပျောက်လာ

ယခုခေတ်လူများမှာမူကား မြန်မာပြက္ခဒိန်ကို မကြည့်တတ်၊ နားမလည်၊ အသုံးမပြုကြတော့ပါ။ လဆန်း လဆုတ်၊ လပြည့် လကွယ်လည်း မသိကြတော့ပါ။ ဝမ်းနည်းဖွယ်ကောင်းပါသည်။ ကောင်းကင်မှ လမင်းကြီး တဖြည်းဖြည်းကြီးလာပြီး တစ်ခုလုံး ပြည့်သွားခြင်း၊ တဖြည်းဖြည်း ပြန်၍ဆုတ်ယုတ် ပါးလျားလာပြီး တစ်ခုလုံး ကွယ်ပျောက်သွားခြင်းများ ကိုလည်း သတိမထားကြတော့ဘဲ အင်္ဂလိပ် လ၊ ရက် ကိုသာ အဓိကသိကြပြီး၊ မြန်မာမှုများ တဖြည်းဖြည်း ကွယ်ပျောက်လာနေသည်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် ယဉ်ကျေးမှုအခြင်းအရာများ လုံးပါးပါး လာခြင်းဖြစ်ပါသည်။ ကောင်းသည့် လက္ခဏာ မဟုတ်ပါ။

ရှေးပညာရှိ စာဆိုတို့ထားခဲ့သော မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ သိအပ်ဖွယ်ရာများကို လက်ဆင့် ကမ်းလိုပါသည်။
ဤဇယားကို ကြည့်၍ ယခု နတ်တော်လဆန်း အခါသမယသည် ဓနုရာသီ၊ မိဂသီနက္ခတ်ထွန်း၍ ရာသီပန်းမှာ နာမည်ကျော် တော်ဝင်သဇင်ပန်း ပွင့်ပေါ်သော လရာသီဟု သိအပ်ပါသည်။ မဟာဂီတလောကမှ လူကြိုက်များသော မြဝတီမင်းကြီး လက်ရာ “သည်ဆောင်းဟေမန်” ဘွဲ့တွင် 

ရိုးတံဆင့် ဖူးငုံ၊ 

ဝတ်မှုံ၊ ဝတ်မှုံ၊ ဝတ်မှုံတင့်ဆုံး၊

“သဇင်၊ ပန်းမြဂမုန်းငယ်နှင့်လေး” ဟူသော အပိုဒ်မှာ ‘ဝတ်မှုံ’ကို သုံးကြိမ် ပြထားရာ တစ်ကြိမ်နှင့် တစ်ကြိမ် အသံမတူ ကူးပြောင်းသီဆိုရသည်မှာ အလွန်လှပသော အဆိုအတီး ကွက်ဆန်းဟု ဆိုချင်မိသည်။

ဦးတိုး၏ ရာမရကန်မှ သဇင်ပန်းအချီးတွင်လည်း “မြေနှင့် ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး” ဟူသော အဖွဲ့မှာ သဘာဝစိမ့်ကြီးမြိုင်ကြီး သစ်ပင်များပေါ်တွင်သာ တွယ်မှီပေါက်ရောက်သဖြင့် မြေကြီးနှင့် မနီးစပ်၊ ရန်ဘက်ကဲ့သို့ အထက်တန်းကျပုံကို ဖွဲ့ပြပါသည်။ (မြို့ဝန်မင်းစာ၊ လိပ်မပါဘဲ၊ ကွယ်ရာဈေးပြင် ရောင်းလို့များ မြင်မလား၊ သေချင် သေ ရှင်ချင်ရှင်၊ အင်မတန့် အင်မတန်၊ ရာဝတ်တော် ခံရသည်)ဟု ဆိုထားရာ အမိန့်မရဘဲ ပန်လျှင် ရာဇဝတ်ပြစ်ဒဏ်ပင် သင့်နိုင်ကြောင်း ကျောက်ကန်၍ ရေးဖွဲ့သော ‘ရကန်’ အရေးအသားတွင် တွေ့ရပါသည်။

ထိုစာဆိုကြီးများ လက်ရာကို နှစ်သက်သဘောကျသကဲ့သို့ အဲ - အရေးကောင်းသော ဦးယာက လူးတားများ ရေးသားရာတွင်လည်း ဤသို့ ဤသို့ ပြောင်မြောက်သည်ကို တွေ့ ရပါသည်။

ဦးယာ၏ နတ်တော်လဘွဲ့ လူးတားမှ ကောက်နုတ်ချက် (သဇင်ပန်းအချီး)

[စုံမြိုင်တွင်းမှာ၊ ကြိုင်သင်းတောလုံး၊ ရနံ့ ဖုံးသား၊ ပတ်ကုံးဝန်းကျင်၊ မြေတွင် မရောက်၊ ပင်ပေါ် ပေါက်သည်၊ နှင်းပေါက်ရွှင်ရွှင်၊ ဖူးတံဆင်လျက်၊ သဇင်ရွှေပွင့်၊ လျှပ်ရောင်ဆင့်သို့၊ လှတင့်စိန်သွေး၊ နတ်ပန်းမွှေးကို မနှေးလျှင်မြန်၊ မိန့်တော်ပြန်၍၊ မျက်မှန်ကျောက်စုံ၊ ရွှေနန်းဘုံက၊ ဖူးငုံပေါ်စ၊ တင်ဆက်သ၍၊ နောက်မှ ပြည်သူ၊ ဆွတ်ယူ ပန်ဆင်၊ ရှုချင်မဝ။]

ဦးယာ၏ ဤလူးတားပါ သဇင်ပန်း ပန်ဆင်ခွင့် စည်းကမ်းများမှာ စကားပြေဖြင့် ရေးသကဲ့သို့ ရှင်းရှင်းလင်းလင်း သိခွင့်ရကြပါသည်။ သဇင်ပန်း၏ ဂုဏ်ဒြပ်ကို မှီအောင် ရေးစပ်နိုင်ကြသော စာဆိုကြီး များကို လေးစားမိသည့်အလျောက် တစ်ယောက် တစ်မျိုး ကြိုးစားရေးဖွဲ့ကြသည့် လက်ရာများမှာ လေ့လာ၍ မကုန်နိုင်ပါ။

ကျက်သရေရှိသော သဇင်

ယခုခေတ်အခါ နတ်တော်၊ ပြာသိုလများသည် နိုဝင်ဘာ၊ ဒီဇင်ဘာလများဖြစ်၍ ယင်းလများ၌ ကျင်းပသော ပွဲလမ်းသဘင်ကြီးများတွင် သဇင်ခြံ ပိုင်ရှင်တို့ ငွေအလုံးအခဲ ဝင်လာမစဲ ရှိသည့်ကာလပင် ဖြစ်ပါသည်။ စီးပွားဖြစ်စိုက်ကြ၍ ဝင်ငွေကောင်းကြသည်။

ဘွဲ့ယူမည့် သမီးအလှလေးအတွက် ဘီးဆံထုံး လှလှ၊ ဆံမြိတ်ချ၍ တော်ဝင်သဇင်တို့ အသွယ် အသွယ် ပန်ဆင်ပြီး ဘွဲ့ဝတ်စုံနှင့် အလှကျက်သရေ တိုးနေပုံကြောင့် တန်ဖိုးကြီးမြင့်သော်လည်း မရမနေ ဝယ်ယူပန်ဆင်ပြီး တစ်သက်တစ်ခါ ဘွဲ့နှင်းသဘင်သို့ တက်ရောက်ကြသည်။

လူအများ အလွန်စိတ်ဝင်စားကြသော မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲများတွင်လည်း ဆုရ မရ မသိရသော်လည်း သဇင်ပန်းပန်၍ ပွဲတက် လာကြသော ရုပ်ရှင်မင်းသမီးချောများ၊ သရုပ်ဆောင်များ၏ ဆံကေသာတွင် သိန်းဂဏန်းတန်ဖိုးရှိ တော်ဝင်သဇင်ပန်းများ ဝေဆာလှပကျက်သရေရှိလှသည့် မြင်ကွင်းကြောင့် ကိန်းကြီးခန်းကြီးနိုင်လှသော သဇင်ပန်းတို့မှာ

“သိင်္ဂီလျှံလန်း၊ စိန်စီမှန်နန်း၊ ပေါ်ငယ်မှာ ပန်ဆင်ရာ၊ ရွှေကေသာ မြန်းပါလို့၊ သည်ပန်းမှ မြတ်ပန်တော်” ဟူသော မြဝတီမင်းကြီး ဦးစ ၏ လက်ရာ “သည်ဆောင်းဟေမန်ဘွဲ့” မှ နောက်ဆုံး ပိုဒ်ကလေးကို အခါခါဆိုညည်း ပီတိဖြစ်ရပါတော့သည်။

“သည်ပန်းမှ မြတ်ပန်တော်” ဟု ဖွဲ့ခဲ့သည်နှင့်အညီ မည်သည့်ပန်းမျှ တုယှဉ်မရအောင် အလှ ကျက်သရေဆောင်သော သဇင်ပန်းကို ယခုခေတ် သဇင်ခြံများတွင် များများစားစား တွေ့နိုင်သော်လည်း ဈေးတော့ဖြင့်မသေးပါ။ သိပ္ပံနှင့်နည်းပညာ မည်မျှပင် ထွန်းကားစေကာမူ ကိန်းခန်းစည်း စနစ်ကြီးသော သဇင်ကိုမူ ‘ဗုံးပေါလအော’ ထုတ်လုပ်နိုင်ခြင်း မရှိ၊ မျိုးဥဈေးနှုန်း၊ သဇင်တိုင် ပြုလုပ် ရင်းနှီးရမှု၊ သဇင်ခြံ အလုပ်သမားစားရိတ်၊ ရေပေးစနစ်၊ သန့်ပြန့်မှုကြိုက်သော သဇင်၊ စိုက်ပျိုးပြီး တစ်နှစ်ပတ်လုံး ပြုစုရခြင်းများကြောင့် ပန်းများ ပွင့်ပေါ်ပါကဈေးကို အထူးမြှင့်ထားလျက် ရောင်းချိန် နှစ်လသုံးလအထိ ချင့်ချိန်စိုက်ပျိုးကြသည်။

“သည်ဆောင်းဟေမန်” သီချင်းတွင် “ရှမ်းပြည် တောင်ငူ ကြည်ဖြူဆက်မြဲ မှန်လှလေ” ဟု ဆိုထား ပါသည်။ အထူးကောင်းမွန်လှပသော သဇင်ပန်းခက်၊ ပန်းခိုင်များကို စိမ့်ကြီးမြိုင်ကြီးများကို အမှီသဟဲ ပြုသော ရှမ်းပြည်နှင့် တောင်ငူဒေသတို့မှ ရရှိပေလိမ့်မည်။ စာရေးသူ ပန်ဆင်ခဲ့ဖူးသော “ရှမ်းသဇင်” မှာ ယခုခေတ်တွင် ဖြစ်၍ ရန်ကုန်သဇင်၊ ရခိုင် သဇင်တို့နှင့် ကွဲပြားမှုရှိပါသည်။

ရှမ်းသဇင်မှာ ပန်းခက် မရှည်လှပါ။ ရိုးတံ မာ၍ အဝါရောင်သမ်းပြီး အပွင့်သေး၍ မွှေးနံ့ ပိုပါသည်။ သဇင်ဥကလေးများနှင့် ဆယ်ခက်ကို တစ်ထုပ်ဖြင့် ငှက်ပျောဖက်ကလေးနှင့် လုပ်ထားပြီး ၎င်းဆယ်ထုပ်ကို ဝါးခြင်းကလေးတွင် စီရီထား၍ တစ်ခြင်းချင်း ရောင်းပါသည်။

ရခိုင်သဇင်လည်း အလွန်လှပါသည်။ ဖွံ့ထွားထွား အားရဖွယ် အခိုင်ကြီးများ ဖြစ်ပါသည်။ ရန်ကုန်သို့ လေယာဉ်စီး၍ ရောက်လာကြသော ရခိုင်သဇင်မှာလည်း သဇင်ခက်ကို ဥမှ ဖြုတ်ခွာ၍ ရောင်းသဖြင့် ရက်ကြာကြာ ခံအောင် အတော်ဂရုစိုက်ရပါသည်။

ရန်ကုန်သဇင်မှာလည်း အချို့က ဥကလေးနှင့် ရောင်း၍ အချို့က ပန်းခက်ချည်းရောင်းပါသည်။ တန်ဖိုးကြီးသော ပန်းဖြစ်၍ မျိုးပွားစေလိုခြင်း ရှိဟန်မတူပါ။ ဥကလေးနှင့် အထားခံသော်လည်း ပန်ဆင်ရာတွင်မူ ဥကလေးမှ ဖြုတ်ယူ ပန်ဆင်ကြပါ သည်။

မည်သို့ဆိုစေ - နတ်တော်လသည် စာဆိုတော် ကြီးတို့အား ဂုဏ်ပြုသောအားဖြင့် စာပေပွဲများ ကျင်းပသည့် စာဆိုတော်နေ့ စာပေဆုနှင်းသဘင် ကျင်းပရာလ ဖြစ်နေရာ ဆောင်းအဝင် လ၊ အေးအေး မြမြ အခါသမယတွင် “ဆက်ပဏ္ဏာ ချီမှီလုတာမို့၊ သိင်္ဂီဥ ပန်းမြသဇင်၊ စိန်စီနု ကလပ်တင်သည်၊ နတ်ဘုရင် ဆင်ယင်တုန်းဟာမို့၊ အင်ဂမုန်းဂန္ဓာရုံ၊ သင်းပျံ့ဝတ်မှုံ” ဟူသော ဦးကြော့၏ တေးထပ်ကလေး ဆိုညည်းရင်း ယခုနှစ်နေပြည်တော်တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပမည့် စာဆိုတော်နေ့ စာပေဆုနှင်းသဘင်ကို ဂုဏ်ပြုရေးဖွဲ့လိုက်ရပါသည်။

စာပေသဇင်ပွင့်သစ်တို့ နှစ်စဉ်နှစ်တိုင်း ပွင့်လန်း နိုင်ကြပါစေ။ ။