နေပြည်တော် ၁  ဇွန်

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား မေ ၂၉ ရက် နံနက် ၂ နာရီခန့်တွင် အင်းအား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ကုန်းလမ်း၊ ရေလမ်းတစ်လျှောက် လိုက်လံပိတ်ဆို့ နှိမ်နင်းလျက်ရှိကြောင်း။

 

ထိုသို့ လိုက်လံပိတ်ဆို့နှိမ်နင်းလျက်ရှိရာ မေယုမြစ်အတွင်း စစ်ရေယာဉ်များဖြင့် လိုက်လံပိတ်ဆို့ရှင်းလင်းစဉ် မေ ၃၀ ရက် ည ၉ နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ ရပ်ခုံတိုင်ကျေးရွာအနီး ရောက်ရှိစဉ် မေယုမြစ်၏ အနောက်ဘက် ကမ်းစပ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် စစ်ရေယာဉ်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

 

အဆိုပါ ရပ်ခုံတိုင်ကျေးရွာသည် AA အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင် လှုပ်ရှား လျက် ရှိသည့် ကျေးရွာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ် ၈ ရက်တွင်လည်း ကျေးရွာ အုပ်ချုပ် ရေးမှူးဖြစ်သူ၏ နေအိမ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ၅ သိန်းခန့်နှင့် ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ လမ်းလျှောက်စကားပြောစက် ၅၂ လုံး၊ မိုင်းပြုလုပ် ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန် ပြီးဖြစ်ကြောင်း။

 

ထို့ပြင် တပ်မတော်စစ်ကြောင်းများက ကုန်းလမ်းတစ်လျှောက် လိုက်လံပိတ်ဆို့ရှင်းလင်းစဉ် မေ ၃၀ ရက် နံနက်ပိုင်းတွင် သဇင်မြိုင်ရဲစခန်း၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများ ယာယီနေရာယူထားသည့် ပွိုင့်-၇၇ တောင်ကုန်းကို တွေ့ရှိရသဖြင့် လက်နက်ကြီးပစ်ကူရယူ၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ပွိုင့်-၇၇ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊  အဆိုပါတောင်ကုန်းကို အသေးစိတ်ရှင်းလင်းရာ ၁ ယောက်ပစ်ကျင်း ၇၂ ကျင်း၊ ၂ ယောက် အိပ်တဲ ၂၀ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့တို့ကို တွေ့ရှိခဲ့ကြောင်း။

 

တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများကို ထပ်ကြပ် လိုက်လံပိတ်ဆို့လျက်ရှိကြောင်းနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်