ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်ပြီး ဥပဒေစကားဝိုင်းကျင်းပ

 

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်ပြီး ပြည်သူများသိရှိစေရန်အတွက် ဥပဒေစကားဝိုင်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး တရားစွဲနှင့် အမှုလိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်သဉ္ဇာထွန်းတို့က နေပြည်တော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (တပ်ကုန်း)ရှိ စတူဒီယိုခန်းမ၌ ဆွေးနွေးခဲ့ကြသည်။ 

 

အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-

အစီအစဉ်မှူး ။ ။ ပထမဦးဆုံးအနေနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ဥပဒေရုံးအဆင့်ဆင့်မှာရှိတဲ့ ဖွဲ့စည်း ပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦးရှင့်။ 

ဒေါ်ခိုင်သဉ္ဇာထွန်း ။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ အဆင့်ဆင့်သော ဥပဒေရုံးတွေကို ဖွဲ့စည်းတည် ထောင်ခဲ့တာဖြစ်ပါတယ်။

 

ပြည်ထောင်စုရှေ့နေချုပ်နဲ့ ဒုတိယရှေ့နေချုပ်ခန့်ထားခြင်းနဲ့ စပ်လျဉ်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၆ မှ ပုဒ်မ ၂၄ဝ အထိမှာ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ဟာ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်သမ္မတကို တာဝန်ခံရသူ ဖြစ်ပါတယ်။ ဒုတိယရှေ့နေချုပ်ကတော့ ပြည်ထောင်စုရှေ့နေချုပ်ကို တာဝန်ခံရတဲ့သူ ဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်ထောင်စုရှေ့နေချုပ်ကနေတစ်ဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရသူလည်း ဖြစ်ပါတယ်။ 

 

ပြည်ထောင်စုရှေ့နေချုပ်ဥပဒေမှာလည်း ပြည်ထောင်စုရှေ့နေချုပ်နဲ့ ဒုတိယရှေ့နေချုပ်တို့ရဲ့ အရည်အချင်းနဲ့ တာဝန်ခံမှုတွေကို သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ အဲဒီသတ်မှတ်ချက်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ အတူတူပဲဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဥပဒေချုပ်တွေနဲ့ စပ်လျဉ်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၅ မှ ပုဒ်မ ၂၆၉ အထိ သတ်မှတ်ပြဋ္ဌာန်းထားပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ ပုဒ်မ ၂၁ မှ ပုဒ်မ ၃၃ အထိ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

 

အစီအစဉ်မှူး ။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အဆင့်ဆင့်သော ဥပဒေရုံးတွေရဲ့ ဖွဲ့စည်းထားပုံကို ဆက်လက်ပြီးတော့ ရှင်းပြပေးပါဦး။ 

ဒေါ်ဌေးဌေးလှိုင် ။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အဆင့်ဆင့်သော ဥပဒေရုံးတွေရဲ့ဖွဲ့စည်းပုံကို ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများမှာဖော်ပြထားပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုရုံးအဖွဲ့၊ ဌာနများကိုတော့ ဥပဒေများ စိစစ်အကြံပြုရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ စီမံရေးရာဦးစီးဌာနဆိုပြီးတော့ ဖွဲ့စည်းထားပါတယ်။ ဥပဒေရုံးအဆင့်ဆင့်ကိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဥပဒေချုပ်ရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥပဒေရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥပဒေရုံးများ၊ ခရိုင်ဥပဒေရုံးနဲ့ မြို့နယ်ဥပဒေရုံးဆိုပြီးတော့ ဖွဲ့စည်းထား ပါတယ်။ 

 

အစီအစဉ်မှူး ။ ။ ဥပဒေအရာရှိတွေရဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ဆက်ပြီးတော့ ရှင်းပြပေးပါဦးရှင့်။ 

ဒေါ်ခိုင်သဉ္ဇာထွန်း ။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာရှိတဲ့ ဥပဒေအရာရှိတွေက ပြည်ထောင်စုရှေ့နေချုပ်က ပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေကို သတ်မှတ်ချက်တွေနဲ့အညီ ထမ်းဆောင်ရပါတယ်။ 

 

ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိတွေရဲ့ လုပ်ငန်းတာဝန်တွေကတော့ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက ဥပဒေအကြံဉာဏ် တောင်းခံလာတဲ့အခါနဲ့ ပြစ်မှုဆိုင်ရာအမှုများကို နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သော တရားမမှုတွေမှာ တရားစွဲတင်ပို့ခြင်းမပြုမီမှာ ဥပဒေနဲ့အညီ ဖြစ်စေရေးအတွက် စိစစ်ပြီး ဥပဒေအကြံဉာဏ်ပေးရပါတယ်။ နောက်တစ်ချက်ကတော့ ပြစ်မှုဆိုင်ရာအမှုများနဲ့ နိုင်ငံတော်က တရားလိုသို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်တဲ့ တရားမမှုတွေမှာ နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်ရပါတယ်။ 

 

ဒေါ်ဌေးဌေးလှိုင် ။ ။ ဥပဒေရုံးရဲ့ ဥပဒေအကြံဉာဏ်ပေးချက်နှင့်အညီ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ကိုလည်း စိစစ်ရပါတယ်။ တရားစွဲအဖွဲ့အစည်းက ချုပ်မိန့်တောင်းခံသည့်အခါ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေနဲ့ ညီညွတ်ခြင်း ရှိ မရှိကိုလည်းစိစစ်ရပါတယ်။ တရားစွဲ အဖွဲ့အစည်းက သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်းမပြုမီ အမှုကို ခိုင်မာမှု ရှိ မရှိ ကျွန်မတို့က စိစစ်တဲ့လုပ်ငန်းကိုလည်း လုပ်ကိုင်ရပါတယ်။ 

 

ဒေါ်ခိုင်သဉ္ဇာထွန်း ။ ။ တရားရုံးမှာ တရားစွဲဆိုထားတဲ့ ပြစ်မှုဆိုင်ရာအမှုမှာ အမှုတစ်ရပ်လုံးကိုဖြစ်စေ၊ စွဲချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တရားခံတစ်ဦးဦးကိုဖြစ်စေ ရုပ်သိမ်းရန် သင့် မသင့် သတ်မှတ်ချက်များနဲ့အညီ စိစစ်ရပြီးတော့ အမှုပိတ်သိမ်းရန် သင့် မသင့်ကိုလည်း သတ်မှတ်ချက်များနဲ့အညီ စိစစ်ဆောင်ရွက်ရပါတယ်။

 

ဒေါ်ဌေးဌေးလှိုင် ။ ။ ပြစ်မှုဆိုင်ရာ အမှုတွေမှာ တရားစွဲဆိုခြင်းမပြုသေးတဲ့ အမှုတွေမှာ အစိုးရ သက်သေပြု လုပ်ဖို့ လိုအပ်လာမယ်ဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့အညီ အစိုးရသက်သေပြုလုပ်ပြီးတော့ နိုင်ငံတော်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လည်း ဆုံးဖြတ်ရပါတယ်။ နောက်ပြီးတော့ သေဒဏ်ထိုက်သင့်တဲ့ ပြစ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲ ခံရတဲ့တရားခံက ဆင်းရဲနွမ်းပါးနေမယ်။ ရှေ့နေလည်း မငှားနိုင် ဘူးဆိုပြီးတော့ တရားရုံးမှာ တင်ပြလာတာမျိုးရှိပါတယ်။ အဲဒီလို တင်ပြလာတဲ့အခါမှာ ကျွန်မတို့ ဥပဒေရုံးကို အကြောင်းကြား တယ်။ အဲဒီလို အကြောင်းကြားတဲ့အခါမှာ အဲဒီတရားခံအတွက် နိုင်ငံတော်ဘက်ကနေ လိုက်ပါဆောင်ရွက် ပေးဖို့ ရှေ့နေငှားရမ်းပေးရပါတယ်။ ပြီးတော့ ပြစ်မှုဆိုင်ရာအမှုတွေမှာ ဥပဒေအရာရှိ လိုက်ပါတယ်။ အဲဒီလိုက်ပါတဲ့အမှုမှာပဲ တရားလိုဘက်က ရှေ့နေငှားမယ်ဆိုပြီးတော့ တင်ပြလာတာမျိုး ရှိပါတယ်ရှင့်။ အဲလိုအမှု တွေမှာလည်း သတ်မှတ်ချက်များနှင့်အညီ အဲဒီရှေ့နေကို ကြီးကြပ်ပေးတဲ့လုပ်ငန်းကိုလည်း လုပ်ကိုင်ပေးရပါတယ်ရှင့်။

ဒေါ်ခိုင်သဉ္ဇာထွန်း ။ ။ တရားရုံးရဲ့ စီရင်ချက်၊ အမိန့်ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းပြီးတော့ နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ အမှုတွေမှာဆိုရင် ရာဇဝတ်ပြင်ဆင်မှုတင်သွင်းရန် သင့် မသင့် စိစစ်ဆုံးဖြတ်ရပါတယ်။ နောက်ပြီးတော့ အပြီး အပြတ်လွှတ်တဲ့အမိန့်ပေါ်မှာ အပြီးသတ်အယူခံဝင်ဖို့ သင့်တယ်လို့ယူဆရင် သတ်မှတ်ချက်များနဲ့အညီ ဆောင်ရွက်ရပါတယ်။ 

 

အစီအစဉ်မှူး ။ ။ ဒါဆိုရင် ဥပဒေအရာရှိတွေရဲ့ တရားစွဲနဲ့အမှုလိုက် လုပ်ငန်းတာဝန်တွေကိုလည်း ရှင်းပြပေးပါဦး။ 

ဒေါ်ဌေးဌေးလှိုင် ။ ။ တရားစီရင်ရေးမှာ တရားမ တရားစီရင်ရေးနဲ့ ရာဇဝတ်တရားစီရင်ရေးဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ အဲဒီလို တရားမ တရားစီရင်ရေးမှာဆိုရင်တော့ ဥပဒေအရာရှိတွေက နိုင်ငံတော်ကနေပြီးတော့ တရားလို ဒါမှမဟုတ် တရားပြိုင်အဖြစ်ပါဝင်တဲ့ တရားမမှုတွေမှာ နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ပေး ရပါတယ်။ ရာဇဝတ်မှုတွေမှာကတော့ နိုင်ငံတော်ဘက်ကပေါ့။ တစ်နည်းအားဖြင့် တရားလိုဘက်ကနေ လိုက်ပါဆောင်ရွက်ပေးရပါတယ်။ 

 

အစီအစဉ်မှူး ။ ။ အမှုတွေကို တရားရုံးစွဲတင်ခြင်းနဲ့ အမှုလိုက်ပါဆောင်ရွက်ခြင်း ကိစ္စရပ်တွေကိုလည်း ရှင်းပြပေးပါဦး။ 

ဒေါ်ခိုင်သဉ္ဇာထွန်း ။ ။ တရားစွဲအဖွဲ့အစည်းက တရားရုံးကိုစွဲတင်မယ့် အမှုတွေကို စိစစ်တဲ့အခါမှာ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက ဥပဒေအကြံပြုချက်နဲ့အညီ လိုက်နာခြင်း ရှိ မရှိ၊ အမှုရဲ့ သက်သေစာရင်းမှာ အမှန်တကယ်လိုအပ်တဲ့ သက်သေအမည်ပါဝင်ခြင်း ရှိ မရှိ၊ အကယ်၍ တရားစွဲဆိုခွင့်ပြုမိန့်လိုတဲ့ အမှုတွေဆိုရင်လည်း ခွင့်ပြုမိန့်ပါဝင်ခြင်း ရှိ မရှိ၊ အခြားစာရွက်စာတမ်း ပြည့်စုံမှု ရှိ မရှိ၊ တရားခံရဲ့ ကိုယ်ရေး အချက်အလက်တွေ ပြည့်စုံမှန်ကန်မှု ရှိ မရှိ စိစစ်ပြီးတော့ အမှုကိုတရားရုံးကို တရားစွဲဆို တင်ပို့ပေးရပါတယ်။ 

 

သက်ဆိုင်ရာ ဥပဒေအရာရှိက အမှုတရားစွဲတင်တဲ့ အချိန်ကစပြီး အမှုစီရင်ချက် ချမှတ်ပြီးတဲ့အထိ နိုင်ငံတော်ဘက်ကနေပြီးတော့ တစ်နည်းအားဖြင့်ပြောရရင် တရားလိုဘက်ကနေပြီးတော့ အမှုလိုက်ပါ ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ နောက်နိုင်ငံတော်က အယူခံတရားလိုဖြစ်စေ၊ လျှောက်ထားသူဖြစ်စေ၊ လျှောက်ထားခံရသူဖြစ်စေ၊ အယူခံတရားခံဖြစ်စေပါဝင်တဲ့ ရာဇဝတ်အယူခံမှု၊ အထူးအယူခံမှု၊ ရာဇဝတ် ပြင်ဆင်မှု၊ အထွေထွေလျှောက်ထားမှုတွေမှာလည်း ဥပဒေအရာရှိများက နိုင်ငံတော်ဘက်ကနေ လိုက်ပါ ဆောင်ရွက်ရပါတယ်။ 

 

အစီအစဉ်မှူး ။ ။ တရားရုံးကနေ စီရင်ချက်အမိန့်ချမှတ်တဲ့အခါ စီရင်ချက်အမိန့်အပေါ်မှာ ဆက်လက် ဆောင်ရွက်ရတဲ့ ဥပဒေအရာရှိတွေရဲ့ တာဝန်တွေကိုလည်း သိပါရစေရှင့်။

ဒေါ်ဌေးဌေးလှိုင် ။ ။ တရားခံကို စွဲချက်တင်ပြီးတဲ့နောက်မှာတရားရုံးက စီရင်ချက်ချမှတ်တဲ့အခါ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတမှု ရှိ မရှိကိုလည်း စိစစ်ရပါတယ်။ ပြီးတော့ ဥပဒေတွေ၊ ပုဒ်မတွေ ပြောင်းလဲသွားရင်လည်း ဒါတွေဟာ ညီညွတ်ခြင်း ရှိ မရှိ စိစစ်တဲ့လုပ်ငန်းကို လုပ်ကိုင်ရပါတယ်။ ဒီတရားရုံးက အပြီးပြတ်အမိန့်ချမှတ် လိုက်တယ်ဆိုရင်ပဲ အဲဒီအမိန့်ဟာ ဥပဒေနဲ့ ညီညွတ်မှန်ကန်မှု ရှိ မရှိကိုလည်း သက်ဆိုင် ရာဥပဒေအရာရှိက စိစစ်ဖို့ တာဝန်ရှိပါတယ်။ အဲဒီလိုစိစစ်တဲ့အခါမှာလည်း တရားရုံးကချမှတ်တဲ့အမိန့်ဟာ ဥပဒေနဲ့မညီဘူးလို့ တွေ့ရှိရင် အထက်တရားရုံးကို အယူခံပြင်ဆင် တက်ရောက်နိုင်ဖို့အတွက် အထက်ဥပဒေရုံးအဆင့်ဆင့်ကို တင်ပြတဲ့လုပ်ငန်းကို လုပ်ကိုင်ရပါတယ် ။ 

 

အစီအစဉ်မှူး ။ ။ ဒါဆိုရင် ဥပဒေအရာရှိတွေ လိုက်ပါဆောင်ရွက်တဲ့ ပြစ်မှုတွေမှာ တရားလိုဘက်က ရှေ့နေငှားရမ်းခဲ့ရင်ရော ငှားရမ်းခွင့်ရှိပါသလား။

ဒေါ်ခိုင်သဉ္ဇာထွန်း ။ ။ ဟုတ်ကဲ့ ရှိပါတယ်။ အဲဒီလို တရားလိုဘက်က တရားလိုအကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်မယ်ဆိုရင် လိုက်ပါဆောင်ရွက်ခွင့်ရှိတဲ့ ရှေ့နေက ကိုယ်စားလှယ်လွှဲစာနဲ့အတူ သတ်မှတ်ထားတဲ့ ပုံစံနဲ့အတူ သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီးတော့ သက်ဆိုင်ရာဥပဒေရုံးကို လျှောက်ထား ရပါမယ်။ သက်ဆိုင်ရာဥပဒေရုံးရဲ့ တာဝန်ခံဥပဒေအရာရှိက ကိုယ်စားလှယ်လွှဲစာပေါ်မှာ အမှုလိုက် ဥပဒေအရာရှိ၏ညွှန်ကြားမှုဖြင့်သာ လိုက်ပါဆောင်ရွက်ခွင့်ပြုသည်လို့ ရေးသားဖော်ပြလက်မှတ်ထိုးပြီးတော့ ကိုယ်စားလှယ်လွှဲစာကို သက်ဆိုင်ရာတရားရုံးမှာ တင်သွင်းဖို့အတွက် တင်ပြရမှာ ဖြစ်ပါတယ်ရှင်။

 

အစီအစဉ်မှူး ။ ။ အမှုရုပ်သိမ်းခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။ 

ဒေါ်ဌေးဌေးလှိုင် ။ ။ ပြည်ထောင်စုရှေ့နေချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီးဥပဒေချုပ် ဒါမှမဟုတ် ပြည်နယ်ဥပဒေချုပ်ရဲ့ ညွှန်ကြားချက်အရဖြစ်စေ၊ အစိုးရဌာန အဖွဲ့အစည်းတစ်ခုခုက လျှောက်ထားလာတာ ပဲဖြစ်စေ၊ ဒါမှမဟုတ် မိမိကိုယ်တိုင်ပဲ စိစစ်တွေ့ရှိလို့ နစ်နာသူတစ်ဦးဦးကဖြစ်စေ၊ လျှောက်ထားလာတဲ့အခါ သက်ဆိုင်ရာတာဝန်ခံ ဥပဒေအရာရှိက သတ်မှတ်ချက်နဲ့အညီ စိစစ်ဆုံးဖြတ်ရပါတယ်။

 

မြို့နယ်တရားရုံးမှာ စွဲဆိုထားတဲ့အမှုတွေနဲ့ စပ်လျဉ်းပြီးတော့ ထောင်ဒဏ်ခုနစ်နှစ်အထိ ချနိုင်တဲ့ ရာဇဝတ်မှုတွေဆိုရင်တော့ မြို့နယ်တာဝန်ခံဥပဒေအရာရှိကပဲ အမှုရုပ်သိမ်းဖို့ ဆုံးဖြတ်ရပါတယ်။ အဲဒီအမှုက ထောင်ဒဏ် ခုနစ်နှစ်နဲ့အထက် ထောင်ဒဏ်ဆယ်နှစ်အထိချမှတ်နိုင်တဲ့ ပြစ်မှုတွေရှိမယ်ဆိုရင်တော့ မြို့နယ်တာဝန်ခံ ဥပဒေအရာရှိက သူ့ရဲ့သဘောထားမှတ်ချက်ကို ရေးသားပြီးတော့ သက်ဆိုင်ရာ ခရိုင်ဥပဒေရုံးကို တင်ပြရပါတယ်။ ခရိုင်တာဝန်ခံအရာရှိက အမှုရုပ်သိမ်းရန် သင့် မသင့် ဆုံးဖြတ်ရပါတယ်။ ထောင်ဒဏ် ဆယ်နှစ်နဲ့အထက် ချမှတ်နိုင်တဲ့ အမှုတွေဆိုရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးကို တင်ပြရပြီး ရုပ်သိမ်းဖို့ သင့် မသင့် ဆုံးဖြတ်ရပါတယ်။ 

 

အစီအစဉ်မှူး ။ ။ အမှုပိတ်သိမ်းခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး ။

ဒေါ်ခိုင်သဉ္ဇာထွန်း ။ ။ တရားစွဲအဖွဲ့အစည်းများက အမှုစုံစမ်းထောက်လှမ်းပေမယ့် တရားရုံးကို တရားစွဲဆိုခြင်း မပြုနိုင်တဲ့အခြေအနေ ခြောက်ချက်ရှိပါတယ်။ ပထမသုံးချက်ကတော့ တရားခံသေဆုံးမှုနဲ့ ရဲအရေးယူပိုင်ခွင့် မရှိတဲ့အမှု ဒါမှမဟုတ် လွှဲပြောင်းမှုဖြစ်ပါတယ်။

 

ဒုတိယသုံးချက်ကတော့ စုံစမ်းထောက်လှမ်းမရတဲ့အမှု၊ လီဆယ်မှုနဲ့မှားယွင်းမှုတို့ဖြစ်ပါတယ်။ ပထမသုံးချက် ဖြစ်တဲ့ တရားခံသေဆုံးတဲ့အမှု၊ ရဲအရေးပိုင်ခွင့်မရှိတဲ့အမှု ဒါမှမဟုတ် လွှဲပြောင်းမှုတွေကို သက်ဆိုင်ရာ ဥပဒေရုံးကပဲ အမှုပိတ်သိမ်းခွင့်ပြုရန် သင့် မသင့် စိစစ်ဆုံးဖြတ်ရပါတယ်။ 

 

ဒုတိယသုံးချက်ဖြစ်တဲ့ စုံစမ်းထောက်လှမ်းမရမှု၊ လီဆယ်မှုနဲ့ မှားယွင်းမှုတွေမှာဆိုရင်တော့ ရုပ်သိမ်းခွင့်မှာ တင်ပြသွားသလိုပါပဲ။ ထောင်ဒဏ်ခုနစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အမှုတွေဆိုရင် မြို့နယ်ဥပဒေအရာရှိက အမှုပိတ်သိမ်းဖို့ သင့် မသင့် စိစစ်ဆုံးဖြတ်ရပါတယ်။ ထောင်ဒဏ်ခုနစ်နှစ်နဲ့အထက် ထောင်ဒဏ် ဆယ်နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုတွေမှာဆိုရင်တော့ ခရိုင်ဥပဒေချုပ်ရုံးကို တင်ပြရပြီးတော့ ခရိုင်ဥပဒေချုပ်ရုံးက အမှုပိတ်သိမ်းရန် သင့် မသင့် ဆုံးဖြတ်ရပါတယ်။ ထောင်ဒဏ် ဆယ်နှစ်နဲ့အထက် ချမှတ်နိုင်တဲ့ အမှုတွေဆိုရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဥပဒေချုပ်ရုံးကို တင်ပြရပြီးတော့ အမှုပိတ်သိမ်း ရန် သင့် မသင့်ကိုတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေ ချုပ်က အမှုပိတ်သိမ်းရန် သင့် မသင့် ဆုံးဖြတ်ရပါတယ်။ 

 

အစီအစဉ်မှူး ။ ။ တရားမမှုတွေမှာ ဥပဒေအရာရှိတွေရဲ့ လိုက်ပါဆောင်ရွက်ဖို့ တာဝန်တွေကိုလည်း ဆက်လက်ရှင်းပြပေးပါဦး။

ဒေါ်ဌေးဌေးလှိုင် ။ ။ ဥပဒေရုံးအဆင့်ဆင့်မှာရှိတဲ့ ဥပဒေအရာရှိတွေက နိုင်ငံတော်ကပါဝင်တဲ့ တရားမ မူလမှု၊ တရားမပြင်ဆင်မှု၊ တရားမအယူခံမှု၊ တရားမ အထူးအယူခံမှု၊ တရားမအထွေထွေလျှောက်ထားမှုတွေမှာ နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ဖို့နဲ့ အကြံဉာဏ်ပေးဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်ဆိုတဲ့နေရာမှာ အစိုးရဌာန အဖွဲ့အစည်းတွေက တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်တဲ့ အမှုတွေဖြစ်ပါတယ်။ 

 

အစီအစဉ်မှူး ။ ။ တရားစွဲအမှုလိုက်နဲ့ ပတ်သက်ပြီးတော့ ဥပဒေလုပ်ငန်းတာဝန်တွေကို သိရပြီဆို တော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပါဝင်ဆောင်ရွက်ရတဲ့ လုပ်ငန်းတာဝန်များ ရှိရင်လည်း သိပါရစေ။

ဒေါ်ခိုင်သဉ္ဇာထွန်း ။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲနဲ့ အမှုလိုက်ဦးစီးဌာနမှာပြည်ထောင်စုအဆင့် ဌာနများအတွက် အမှုလိုက်ဌာနခွဲရှိပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ ဥပဒေအရာရှိတွေဟာ အမှုလိုက်ပါဆောင်ရွက်ကြရပါတယ်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှာ တင်သွင်းတဲ့ စာချွန်တော် အမိန့်လျှောက်ထားခြင်းဆိုင်ရာ အမှုတွေမှာလည်း ဥပဒေ အရာရှိများဟာ နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ရ ပါတယ်။

 

အစီအစဉ်မှူး ။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာရှိတဲ့ ဥပဒေရုံး အဆင့်ဆင့်မှာရှိတဲ့ ဥပဒေအရာရှိများရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ အခြားဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဒေါ်ဌေးဌေးလှိုင် ။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ အဆင့်ဆင့်သော ဥပဒေရုံးများမှာရှိတဲ့ ဥပဒေအရာရှိ တွေဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေကို ဥပဒေအကြံဉာဏ်ပေးခြင်းလုပ်ငန်းနဲ့ အုပ်ချုပ်ရေး ကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေရသလို သက်ဆိုင်ရာလွှတ်တော်တွေမှာ ဥပဒေပြဋ္ဌာန်းနိုင်ဖို့အတွက် ဥပဒေကြမ်းတွေကို စိစစ်အကြံပြုခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်ရပါတယ်။ အစိုးရဌာနတွေမှာ ထုတ်ပြန်မယ့် အမိန့်၊ နည်းဥပဒေများ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေကိုလည်း ဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ ကိုလည်း စိစစ်ပေးနေရတဲ့အတွက် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍနှစ်ရပ်လုံးမှာ ပါဝင်ဆောင်ရွက်နေရတဲ့သူတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တွေ တရားရုံးအဆင့်ဆင့်မှာ အမှုလိုက်ပါဆောင်ရွက်ခြင်းနဲ့ ဥပဒေအရာရှိတွေဟာ တရားစီရင် ရေးကဏ္ဍမှာလည်း အရေးပါတဲ့နေရာမှာ ပါဝင်ဆောင်ရွက်နေကြရပါတယ်။ 

 

ဒါ့ကြောင့် ဥပဒေအရာရှိများဟာ ပါတီစုံဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာသုံးရပ်လုံးမှာ ပါဝင်ဆောင်ရွက်နေကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။ 

ကျေးဇူးတင်ပါတယ်ရှင့်။
ခင်ရတနာ၊ သိမ့်သိမ့်မိုး (မြန်မာ့အလင်း)
ဓာတ်ပုံ- သိင်္ခ