ဦးဝင်းလွင်(အငြိမ်းစားသံအမတ်ကြီး)
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်ပြီး ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည် ဆိုင်ရာတရားရုံးတွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါကြားနာပွဲနှင့်စပ်လျဉ်း၍ အငြိမ်းစားသံအမတ်ကြီး ဦးဝင်းလွင်နှင့် မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်းတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည် -
ဦးဝင်းလွင်
အငြိမ်းစားသံအမတ်ကြီး
နဂါးမင်းစစ်ဆင်ရေး စတင်ဖြစ်စဉ်ကာလတုန်းက ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သက်ဆိုင်ရာဌာနကိုကိုင်တွယ်တဲ့ တာဝန်ခံဖြစ်ပါတယ်။ အဲဒီတော့ ပြည်ပကနေ တရားမဝင် ဝင်တဲ့သူတွေများလာတော့ သန်းခေါင်စာရင်း ပြန်စစ်ဆေးမှု လုပ်ကြတယ်။ ဒီလိုလုပ်တဲ့အခါ ပထမဆုံး Pilot Project ဆိုပြီး မင်္ဂလာတောင်ညွန့်မှာထင်တယ်၊ အဲဒီမှာစပြီးလုပ်တယ်၊ အဲဒီကနေ ရခိုင်ပြည်နယ် စစ်တွေအထိ သွားပြီးလုပ်တယ်။ အဲဒီလို လုပ်တဲ့အချိန်မှာ ရခိုင်ပြည်နယ်အထဲကို အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်နေကြတဲ့သူတွေက သူတို့ဆီမှာ တရားဝင်မှတ်ပုံတင်လက်မှတ်မရှိတော့ ထွက်ပြေးသွားကြတယ်။
ထွက်ပြေးကျတော့ ပထမဆုံး နိုင်ငံခြားရေးရုံး ကိုလာပြီးတိုင်တော့ လူဦးရေ ၈၀၀ လောက်၊ နောင် တဖြည်းဖြည်းများလာပြီး ကြီးကြီးကျယ်ကျယ် ဖြစ်လာတယ်။ ဟိုဘက်ကလည်း သိန်းနဲ့ချီဖြစ်လာတော့ ဟိုဘက်က ဒီဘက်ကို Complain လုပ်တယ်။ နိုင်ငံတော်အစိုးရကလည်း စစ်ဆေးဖို့လုပ်တယ်၊ နှစ်ဖက်ညှိနှိုင်းရေး ဟိုဘက်ကအဖွဲ့တွေလာပြီး ဆွေးနွေးတယ်၊ နှစ်ခါသုံးခါဆွေးနွေးတယ်၊ ဒီဘက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ အဖွဲ့ တစ်ဖွဲ့သွားတယ်၊ အဲဒီလိုပဲလုပ်တယ်၊ ဒီကိစ္စကို အတန်တန်ဆွေးနွေးပြီး မြန်မာဘက်အနေနဲ့ တို့နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရေချင်းမြေချင်း ဆက်စပ်နေတဲ့ နိုင်ငံလည်းဖြစ်တယ်၊ လွတ်လပ်ရေးရခါစနိုင်ငံဆိုပြီး တို့နိုင်ငံက အိမ်နီးနားချင်းထားတဲ့ မူဝါဒနဲ့အညီ တတ်အားသမျှလုပ်ပေးမယ်ဆိုပြီး ဒီဟာကို လူကြီးတွေက ပြန်လည်လက်ခံဖို့၊ ဒီမှာ နေခဲ့တဲ့သူမှန်ရင် ပြန်လည်လက်ခံမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး သွားပြီးစေ့စပ်ဆွေးနွေးတယ်။
ပြန်လည်လက်ခံမယ်ပြောတဲ့အခါ ဖြစ်ပုံက အဲဒီထွက်ပြေးတဲ့သူတွေကြားမှာ ခုနကပြောသလို သိန်းကျော်ရှိတယ်၊ တကယ်တမ်းပြောတဲ့အခါ မြန်မာမှတ်ပုံတင်လက်မှတ်အစစ် အမှန်တကယ် လက်ဝယ်ရှိသူက ၃၀၀၀ ကျော်ပဲရှိတယ်။ ကျန်တဲ့ဟာတွေက သူတို့ထွက်ပြေးတယ်၊ တဲတွေမီးရှို့ခံရတယ်၊ ပျောက်သွားတယ်၊ ကျန်ရစ်ခဲ့တယ်၊ အဲဒီတော့ မှတ်ပုံတင်လက်မှတ်တွေ ပျောက်ဆုံးသွားတယ်ဆိုပြီး အဲဒီဆင်ခြေတွေပေးကြတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာနေခဲ့တဲ့သူ အစစ်အမှန်ဆိုရင် လက်ခံမယ်ဆိုပြီး အမျိုးမျိုးလျှော့ပေါ့တယ်။
မှတ်ပုံတင်လက်မှတ်အစစ်ဆိုတာက ၃၀၀၀၊ အစစ်ထဲမှာမှ အစစ်တစ်မျိုး၊ မှတ်ပုံတင်လက်မှတ် ကို ခိုးလုပ်ပေးတာကတစ်မျိုး၊ အိမ်ထောင်စု ကတ်ပြားအတုလုပ်ထားတာတစ်မျိုး၊ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာနေခဲ့တဲ့သူ ဟုတ်တယ်၊ မှန်တယ်ဆိုရင် လက်ခံခဲ့တယ်၊ အားလုံး ပေါင်း တစ်သိန်းနဲ့သုံးသောင်းလား၊ လေးသောင်းလား၊ အတိအကျတော့မမှတ်မိတော့ဘူး၊ အဲဒီလောက်လက်ခံခဲ့တယ်၊ အသိအမှတ်ပြုခဲ့တယ်။ ဒီကမ္ဘာတစ်ခုလုံးမှာ မြန်မာနိုင်ငံက စောစောစီးစီး၊ ခုနစ်ခုမြောက်သော အသိအမှတ်ပြုခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ အဓိပ္ပာယ်က အိမ်နီးနားချင်းပေါ်လစီကို ကောင်းကောင်းထားချင်တယ်။ ခင်မင်ရင်းနှီးတယ် ဆိုတဲ့သဘောနဲ့ လက်ခံတာ။
ဟိုကလည်း ဒါတွေအားလုံးပြန်ယူပါ၊ ဘာမှပြောမနေနဲ့၊ ပြန်ယူပါဆိုပြီး ဇွတ်ပဲပြန်ပြီးထိုးပေးခဲ့ တယ်။ ဒီဘက်ကလည်း လက်ခံမယ်ဆိုတော့ လက်ခံတဲ့အခါမှာလည်း အဆင့်ဆင့်ဖြစ်တယ်၊ ရခိုင်ပြည်နယ်မှာနေရိုးမှန်ခဲ့ရင် လက်ခံမယ်ဆိုပြီး ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီးလက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံအိမ်နီးချင်းဖြစ်တာရယ်၊ ချစ်ကြည်ရင်းနှီးမှုကိုအကြောင်းပြုပြီး လက်ခံခဲ့ခြင်းဖြစ်တယ်။ အဲဒီသဘောနဲ့ပါ။
အခုနောက်ဆုံးကိစ္စ။ ဒါက တတိယအကြိမ်မြောက် ဖြစ်တယ်၊ ဒုတိယအကြိမ်မြောက်လည်းရှိတယ်၊ ဒီဟာကပြီးသွားပြီ။ တတိယအကြိမ်မြောက်ဖြစ်တဲ့ အခါကျတော့ မြန်မာနိုင်ငံက အိမ်နီးနားချင်းထုံးစံအတိုင်း ရခိုင်ပြည်နယ်မှာနေခဲ့တဲ့သူမှန်ခဲ့ရင် လက်ခံ မယ်ဆိုပြီး အရင်တုန်းကပြောခဲ့တဲ့အတိုင်း ပြောခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာ ဟိုဘက်က ဒီလို မဟုတ်တော့ဘူး၊ ဟိုဘက်က ခေါင်းဆောင်က အရင်တုန်းကသူမဟုတ်တော့ဘူး၊ ဒီကလက်ခံမယ့်ဟာကို ဟိုအရင်က ပြန်ပြီးပို့လိုက်တယ်၊ ဒီတစ်ခါကျတော့ ပို့တာမဟုတ်တော့ဘူး။ ဒီပြဿနာကို ရိုးရိုးနှစ်နိုင်ငံအကြားပြဿနာထက် ကမ္ဘာ့ပြဿနာ ကြီးဖြစ်အောင် Internationalize လုပ်တယ်။
ဒီလို Internationalize လုပ်တော့ ဒီပြဿနာက ကမ္ဘာတစ်ခုလုံးက ချက်ချင်းဝုန်းခနဲ ချက်ချင်း သိသွားတယ်။ အိုင်တီကိုအသုံးပြုလိုက်တယ်။ အိုင်တီကိုသုံးလိုက်တာ မြန်မာနိုင်ငံခံလိုက်ရတယ်။ အိုင်တီကိုအသုံးပြုပြီး ကမ္ဘာ့ပြဿနာလုပ်ချလိုက်တယ်။ ဘယ်သူကလုပ်သလဲဆိုရင် သက်ဆိုင်ရာ နိုင်ငံကလုပ်တာလား၊ သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာတူ အဖွဲ့အစည်းက လုပ်တာလားဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒီကိစ္စကဘာမှမဟုတ်ဘူး။ ဒီကိစ္စက သေးသေးလေး၊ ဒီဘက်ကတော့ အရင်တုန်းကအတိုင်း ရိုးရိုးသားသားနဲ့ အရင်တုန်းကအတိုင်း လက်ခံခဲ့တယ်။ အဲဒီမှာ ပြန်ပြီးပို့ဖို့ဟာကို ထစ်ငေါ့နေတဲ့အပြင် ကမ္ဘာ့ခုံရုံးမှာ အဲဒီဟာကိုတင်လိုက်တာ။ တင်လိုက်တဲ့အခါမှာလည်း အကြီးအကျယ်နဲ့ ပုဒ်မအကြီးကြီးတွေ တပ်လိုက်တယ်။
အမှန်အတိုင်း ဒီဘက်မှာဖြစ်တဲ့ အရေးအခင်းမှာ ရဲတပ်ဖွဲ့ဝင်တွေကိုသတ်တယ်၊ ဒီမှာ လိုက်ပြီး ရှင်းလင်းတဲ့အဖြစ်အပျက်ကလေးပါ။ အခုက ကမ္ဘာမှာ နေရာတကာမှာ ကြားနေတယ်မလား၊ အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ သတ်ဖြတ်နေတာတွေ၊ ဗုံးချတာတွေနဲ့စာရင် ဒီဟာက သေးသေး လေးပါ။ ဘာမှမဆိုင်ဘူး။
နိုင်ငံရေးအားဖြင့်နိုင်အောင် ကျွန်တော်တို့နိုင်ငံကိုသတ်တာ။ အုပ်ချုပ်နေတဲ့အစိုးရကိုသတ်တာ၊ နိုင်ငံတော်ကိုသတ်တာ၊ ဒီလိုလုပ်လိုက်တဲ့ဟာ တစ်သက်လုံး ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ အတူတူ ပေါင်းသင်းနေထိုင်သွားရမယ့် နှစ်နိုင်ငံချစ်ကြည်ရေး လည်းပျက်သွားတယ်၊ တကယ်ဖြစ်နေတဲ့နိုင်ငံက တရားစွဲရေးမဟုတ်ဘဲ ဘာမှမဆိုင်တဲ့ ၊ မြန်မာနိုင်ငံနဲ့ ဘာမှလည်းရန်မဖြစ်တဲ့၊ မသိတဲ့နိုင်ငံကနေ ကမ္ဘာ့ခုံရုံးကို သွားတင်ပြီးဖြစ်တယ်။ အဲဒီဟာက မှန်သလား၊ မှားသလား၊ သင့်သလား၊ မသင့်သလားဆိုတာ စဉ်းစားကြပါ။
သက်ဆိုင်ရာနိုင်ငံကမစွပ်စွဲဘဲ ဟိုကနေလှမ်းပြီး စွပ်စွဲတယ်၊ တမင်တကာ ဒါကိုလုပ်ကြံတာ၊ ဖန်တီးတယ်ဆိုတာကို နားလည်ဖို့လိုတယ်။ ဒီဟာဘယ်သူနဲ့၊ ပေါ်လစီတွေနဲ့မဆိုင်ဘူး၊ ရိုးရိုးတန်းတန်း ပြောခြင်းဖြစ်တယ်။ ဖြစ်သင့်တာက သူခံရရင်သူက ပြန်ပြီးလုပ်ရမှာပါ။ သူကမလုပ်ဘဲ ဘာမှမဆိုင်တဲ့ ဘေးကလူကလုပ်တယ်။ မဆိုင်တာဆို ဟိုးအဝေးကြီးကပါ။ အဲဒီတော့ ရှေ့ကနဲ့ အခုနဲ့က ဘာကွာသလဲဆိုရင် အခုလိုဖြစ်သွားတော့ တစ်သက်လုံး ကြိုက်ကြိုက် မကြိုက်ကြိုက်လက်တွဲပြီး အိမ်နီးနားချင်း၊ ရေချင်းမြေချင်း ဆက်စပ်နေတဲ့ နိုင်ငံနှစ်ခု လက်တွဲပြီးပူးပေါင်းရမယ်။ အခုလို ကမ္ဘာကြီး ဖြစ်ပျက်နေကြတဲ့အချိန် လက်တွဲလုပ်ရမှာကို ကမ္ဘာ့အဖွဲ့အစည်းတစ်ရပ်က အဲဒီဟာကိုအားမပေးဘဲ နှစ်နိုင်ငံပိုပြီးတော့ဝေးအောင်၊ ဝေးအောင်လုပ်လိုက် တယ်လို့မြင်ပါတယ်။ ရိုးရိုးအနေနဲ့မြင်တာပါ။ ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး။ ကမ္ဘာမှာ ပြဿနာတွေအများကြီးပါ။ အိမ်နီးနားချင်းပေါင်းလုပ်ရမယ့် အရာတွေလည်းအများကြီးပါ။ အဲဒါကို တစ်ယောက် မျက်နှာ တစ်ယောက်မကြည့်ချင်အောင်လုပ်တဲ့ အနေအထားလို့မြင်မိပါတယ်။
ဒေါက်တာမြင့်သိန်း
မြန်မာသမိုင်းအဖွဲ့ဝင်
ရိုဟင်ဂျာဆိုတဲ့လူမျိုးက တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ဒီလူမျိုးမရှိပါဘူး၊ ရခိုင်ရာဇဝင် မှာလည်း ဒီလူမျိုးအကြောင်းရေးထားတာမရှိဘူး၊ မြန်မာရာဇဝင်မှာလည်း ဒီလူမျိုးအကြောင်း ရေးထားတာမရှိဘူး၊ မြန်မာ့ရာဇဝင်ရဲ့ အစောပိုင်းကာလမှာ လူမျိုးတစ်ရာ့တစ်ပါးအကြောင်း ရေးထားတဲ့စာတမ်းပေါင်း ခြောက်စောင်လောက် ရှိတယ်၊ ဒီခြောက်စောင်လောက်ထဲမှာလည်း ဒီရိုဟင်ဂျာဆိုတဲ့လူမျိုးအကြောင်း မပါပါဘူး။ ဒါဆိုရင် ဒီကိစ္စဘယ်လိုစပြီးဖြစ်လာလဲဆိုတော့ အရင်က သူတို့ကိုခေါ်တာက ရခိုင်မွတ်ဆလင်လို့ ခေါ်တယ်၊ နောက်တစ်မျိုး ဘင်္ဂါလီလို့ခေါ်တယ်၊ နောက်တစ်မျိုး စစ်တကောင်းသားလို့ခေါ်တယ်၊ တစ်ခါတစ်ခါ ခေါ်တောဆိုတဲ့ အခေါ်အဝေါ်လည်း ရှိတယ်၊ ခေါ်တောဆိုတဲ့အခေါ်အဝေါ်ဆိုရင် ၁၉၈၀ ကျော်လောက်အထိအောင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ဒီနာမည်ကခေါ်နေဆဲပါ။ ဒီစကားလုံးက အဲဒီကာလတွေထဲမှာ မပေါ်သေးပါဘူး။ အင်္ဂလိပ်အထောက်အထားတွေရှိတယ်။
ကိုလိုနီခေတ်ကရေးတဲ့ အထောက်အထားတွေ၊ ခေတ်ပြိုင် အထောက်အထားတွေမှာလည်း ဒီနာမည်က မပါသေးပါဘူး။ ၁၈၇၂ ခုနှစ်မှာ အင်္ဂလိပ် တွေက မြန်မာနိုင်ငံကို ပထမဦးဆုံးစပြီး အောက်မြန်မာနိုင်ငံ ရခိုင်ဘက်မှာ သန်းခေါင်စာရင်းစကောက်တယ်၊ သန်းခေါင်စာရင်း စကောက်တာကနေပြီးတော့ နောက်ပိုင်း ၁၈၈၁ ခုနှစ်မှာ သန်းခေါင်စာရင်း တစ်ခါ ထပ်ကောက်တယ်၊ နောက်ပိုင်း ၁၈၈၁ ခုနှစ်ကနေ ဆယ်နှစ်တစ်ခါ၊ ဆယ်နှစ်တစ်ခါ ကောက်သွားတဲ့ သန်းခေါင်စာရင်းမှာ ၁၈၉၁၊ ၁၉၀၁၊ ၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁၊ ၁၉၄၁ အထိ၊ သူတို့ကောက်တဲ့ သန်းခေါင်စာရင်းထဲမှာ လူမျိုးပါတယ်၊ လူဦးရေပါတယ်၊ ကျား၊ မ ခွဲတယ်၊ အသက်အရွယ်ခွဲတယ်၊ အဲဒီလိုခွဲတဲ့အခါမှာ တိတိကျကျ ဒီရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကောက်တဲ့အထဲမှာ သူတို့သုံးတဲ့အသုံးအနှုန်းတွေမှာ ဘာလူမျိုးတွေတွေ့သလဲဆိုရင် ဘင်္ဂါလီနဲ့ စစ်တကောင်းသားဆိုပြီး ရေးထားပါတယ်။ နောက်တစ်ခါ ဟိန္ဒူစတန်ဆိုပြီးရေးထားတယ်၊ ဒီအင်္ဂလိပ်ဆိုတဲ့လူက သန်းခေါင်စာရင်းမှာ တိတိကျကျလူဦးရေ အဝင်အထွက်၊ ဘယ်လောက် ဝင်တယ်၊ ဘယ်လောက်ထွက်တယ် ဒီလိုသွားတာတောင်မှပဲ သူတို့ရဲ့စကားလုံးက ဒုတိယကမ္ဘာစစ် မတိုင်ခင်အထိအောင် ဒီနာမည်မပေါ်သေးပါဘူး။ ဒီနာမည်ပေါ်တာက တော်တော်လေးကိုနောက်ကျ တယ်ဆိုတဲ့သဘောပါပဲ။ နောက်တစ်ခါ ဒါနဲ့ပတ်သက် ပြီးတော့ သေချာလေ့လာထားတဲ့ပုဂ္ဂိုလ်တစ်ယောက်က ဘာရေးထားသလဲဆိုရင် အဲဒီလူက တစ်ချိန်တုန်း က ထိုင်းနိုင်ငံရယ်၊ ဗီယက်နမ်နိုင်ငံရယ်၊ လာအိုနိုင်ငံရယ်မှာ ဗြိတိသျှသံအမတ်ကြီးအဖြစ် လုပ်ခဲ့ဖူးတဲ့လူ၊ ဒီလူက ဒီလူမျိုးနဲ့ပတ်သက်ပြီးတော့ လေ့လာတဲ့ အခါမှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ဗြိတိသျှကိုလိုနီ ခေတ်တုန်းက အထောက်အထားတွေအကုန်လုံးကို သွားပြီးတော့ရှာတယ်။
အဲဒီလိုရှာတဲ့အခါမှာ အစီရင်ခံစာတွေရှာတယ်၊ သန်းခေါင်စာရင်းတွေရှာတယ်၊ နောက် Report တွေရှာတယ်၊ တရားရေးစီရင်ချက်တွေမှာပါတဲ့ အထောက်အထားတွေရှာတယ်။ အဲဒီ Instruction အကုန်လုံးထဲမှာ သူရှာတဲ့အခါမှာ ဘာပြောသလဲဆိုတော့ သူတို့သိမ်းပိုက်အုပ်ချုပ်ထားခဲ့တဲ့ ရခိုင်မှာ နှစ်ပေါင်း ၁၂၂ ရှိခဲ့တဲ့အထဲမှာ၊ အဲဒီအထောက်အထား တွေထဲမှာ ရိုဟင်ဂျာဆိုတဲ့စကားလုံး မတွေ့ဘူးလို့ ရေးထားပါတယ်။ ဒီလူကဘယ်သူလဲဆိုရင် Derek Tonkin ဆိုတဲ့ပုဂ္ဂိုလ်ပါ။ သူကလည်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးမတွေ့ဘူးဆိုပြီး အထောက်အထားနဲ့ ပတ်သက်ပြီး ပြောထားပါတယ်။
နောက်ဒီလိုပဲ ရခိုင်နဲ့ပတ်သက်ပြီးတော့ အလွန် ထင်ရှားတဲ့သုတေသီတစ်ဦးဖြစ်တဲ့ ယက်လိုင်ဒါ ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးက ဒီစကားလုံးက ၁၉၅၀ ပတ်ဝန်းကျင်လောက်မှ ရေပန်းစားပြီးပေါ်ပေါက် လာတဲ့စကားလုံးဖြစ်တယ်ဆိုပြီးတော့ Oxford က ထုတ်တဲ့ အာရှဆိုင်ရာထဲမှာ Encyclopedia ရေးထားတာတွေ့ရပါတယ်။ ကျွန်တော်တို့က ဒီလူမျိုးဟာ အသစ်တီထွင်တဲ့လူမျိုးဆိုတဲ့ သဘော မျိုးဆိုတာ မှန်းဆလို့ရပါတယ်။
နောက်တစ်ချက်က ဘာလဲဆိုရင် ဒီလူမျိုး ဘယ်တုန်းကပေါ်ပေါက်လာသလဲဆိုရင် ဒုတိယ ကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းကျမှ ဒီနာမည် စပေါ်တာပါ။ ဒါတောင်မှပဲ ဒုတိယကမ္ဘာစစ်ပြီးတဲ့ နောက်ပိုင်း ဒီလူမျိုးပေါ်ပေါက်လာဖို့ အခြေခံအကြောင်းရင်းအစက ဘာကြောင့်လဲဆိုတဲ့အခါ ကျွန်တော်တို့ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ မွတ်ဆလင်တွေက ခွဲထွက်ဖို့ကြိုးစားကြတယ်။ ကြိုးစားတဲ့အခါကြတော့ ပါကစ္စတန်နိုင်ငံဆိုပြီး သီးခြားခွဲထွက်ဖို့ လုပ်တဲ့အခါမှာ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ မွတ်ဆလင်တွေက အကယ်၍သာ ပါကစ္စတန်ကို ခွဲထွက်ဖို့လုပ်ခဲ့မယ်ဆိုရင် အဲဒီနိုင်ငံထဲမှာ သူတို့ပေါင်းပါရစေ၊ ပြီးတော့ အဲဒီပါကစ္စတန်ခွဲထွက်ရေး ခေါင်းဆောင်ဖြစ်တဲ့ အိန္ဒိယက အလီဂျင်းနားဆိုတဲ့ ပုဂ္ဂိုလ်ဆီကိုသွားပြီး တောင်းဆိုပါတယ်။ ဒါပေမဲ့ အလီဂျင်းနားက လက်မခံပါဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့စဉ်မှာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဖို့အတွက် လန်ဒန်ကိုသွားတဲ့အခါမှာ အိန္ဒိယကို သူခဏဝင်တယ်။ ဝင်တဲ့အခါမှာ အိန္ဒိယဝင်ပြီးတော့ အလီဂျင်းနားနဲ့ မွတ်ဆလင်ခွဲထွက်ရေး ခေါင်းဆောင်နဲ့ သွားတွေ့ပါတယ်။ တွေ့တဲ့အခါ ဒီကိစ္စပြောတဲ့အခါ ဗိုလ်ချုပ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်ချပါ။ ကျွန်တော်တို့ သူတစ်ပါးနိုင်ငံဒေသနဲ့ပေါင်းဖို့ ဘယ်တော့မှဆန္ဒမရှိဘူး။ အဲဒီထဲကခွဲထွက်ဖို့ ကြိုးစားတဲ့သူတွေကို အားလုံးကို ဆန့်ကျင်တယ်။ ဗိုလ်ချုပ် ဒါနဲ့ပတ်သက်ပြီး ပူစရာမလိုဘူးလို့ သူကပြောလိုက်ပါတယ်။ အဲဒီလိုသွားပြီးတော့ပေါင်းဖို့ ကြိုးစားတဲ့ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ မွတ်ဆလင်အဖွဲ့ တွေက နောက်ဆုံးတော့ သူတို့ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ဒုတိယကမ္ဘာစစ် ပြီးတဲ့အခါမှာ မြန်မာပြည်ထဲမှာ သီးခြားတောင်းဆို လို့ရမယ့်အနေအထားမျိုးကို စဉ်းစားလာကြပါတယ်။
အဲဒီမှာ ပြဿနာက ဘာဖြစ်လာသလဲဆိုတဲ့အခါ ၁၉၄၈ ခုနှစ် ကျွန်တော်တို့ လွတ်လပ်ရေးရတဲ့အခါမှာ ရခိုင်မှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် တွေကနေပြီးတော့ သီးခြားပြည်နယ်အဖြစ်နဲ့ လွတ်လပ်တဲ့ဒေသအဖြစ် တောင်းဆိုမှု စလုပ်ပါတယ်။ လုပ်လာတော့ ဘင်္ဂါလီတွေက ဘာစဉ်းစားလဲဆိုတော့ အကယ်၍သာ ရခိုင်ကို သီးခြားပြည်နယ် သီးခြားလွတ်လပ်မှုပေးလိုက်မယ်ဆိုရင် သူတို့အပေါ်မှာ ပိုပြီးဖိနှိပ်မှုတွေ များလာမှာဖြစ်တဲ့အတွက်ကြောင့် ငါတို့လည်း သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းမယ်ဆိုပြီး စပြီးကြံစည်လာတယ်။ သူတို့က ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ စပြီး စဉ်းစားလာကြတယ်။
အဲဒီစဉ်းစားတဲ့အထဲမှာ တစ်ချက်က ၁၉၄၈ ခုနှစ်လောက်က မူဂျာဟစ်ခေါင်းဆောင်ကနေပြီး တော့ သူတို့လူမျိုးတွေနဲ့ပတ်သက်ပြီးတော့ တောင်းဆိုမှုစလုပ်လာတယ်။ လုပ်လာတဲ့အခါမှာ အဲဒီ မွတ်ဆလင်လွတ်မြောက်ရေးခေါင်းဆောင်က မွတ်ဆလင်ညီလာခံမှာ သူက ဘာတောင်းဆိုသလဲ ဆိုတော့ သူတို့ကို ရခိုင်မွတ်ဆလင်အဖြစ်နဲ့ ပြည်နယ်ပေးဖို့ စတောင်းလာတယ်။ နောက်တစ်ခါ ၁၉၅၁ ခုနှစ်မှာထင်တယ်။ မောင်တောမှာရှိနေတဲ့ အလယ် သံကျော်ရွာမှာ မွတ်ဆလင်ညီလာခံလုပ်တဲ့အခါမှာလည်း ဘင်္ဂါလီတွေကို သီးခြားပြည်နယ်ပေးဖို့ တောင်းဆိုလာတယ်။ တောင်းလာတဲ့အခါမှာလည်း ရိုဟင်ဂျာဆိုတဲ့စကားလုံးမပါသေးဘူး။ သူတို့ကို သီးခြားပြည်နယ်ပေးပါ။ သူတို့ကို သီးခြားဆောင်ရွက်ဖို့အတွက် ရခိုင်မွတ်ဆလင်ဆိုပြီး နာမည်ခေါ်ခွင့် ပေးပါဆိုပြီးပဲ တောင်းတာပဲလုပ်ကြတာ။
ရခိုင်မွတ်ဆလင်ဆိုတဲ့အခေါ်အဝေါ်ကို ရခိုင်တိုင်းရင်းသားတွေက မကြိုက်ကြဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ရခိုင်တိုင်းရင်းသားထဲမှာ မွတ်ဆလင် မရှိဘူး၊ ဒါကြောင့်မို့ သူက အဲဒီနေရာမှာတင် လက်မခံ ဘူးဖြစ်ကြတာ။ ကျွန်တော်တို့က အဲဒီအချိန်တုန်းက ခေါ်ကြတာက စစ်တကောင်းသားတို့၊ ဘင်္ဂါလီတို့၊ ရခိုင်မွတ်ဆလင်တို့၊ ခေါ်တောတို့ ခေါ်ကြတဲ့အထဲမှာ သူတို့ကြိုက်တာ ရခိုင်မွတ်ဆလင်ဆိုတဲ့ဒီနာမည်ကို ကြိုက်တာ။ ဒါပေမဲ့ ရခိုင်တိုင်းရင်းသားတွေက လက်မခံဘူး။ ဒါကြောင့် နာမည်အသစ်တစ်ခု စဉ်းစားလာကြတယ်။
စဉ်းစားတဲ့အခါမှာ ၁၉၅၀ ပြည့်နှစ်လောက်မှာ ဒီနာမည်စပြီးတော့ တွင်တွင်ကျယ်ကျယ် စဖြစ် လာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၄၈ ခုနှစ် ကျော်ကျော်လောက်မှာ ပထမဆုံးစပြီးတော့ ရွင့်ကျ ဆိုတဲ့စကားလုံး စသုံးလာတယ်။ တစ်နေရာကနေ လွင့်လာတဲ့ဒုက္ခသည်တွေကိုပြောတာ။ နောက်ပိုင်း လွှတ်တော်ထဲမှာတက်လာတဲ့ အဗ္ဗဒူဂဖားဆိုတဲ့ ပုဂ္ဂိုလ်က ၁၉၅၀ ပြည့်နှစ်ပတ်ဝန်းကျင်လောက်မှာ လွှတ်တော်ထဲမှာပြောလာတယ်။ သူတို့လူမျိုးတွေကို ရိုဟင်ဂျာဆိုတဲ့စကားလုံး သုံးလာတယ်။ ဒီသုံးလာ တာနဲ့အတူတူပဲ တစ်ချိန်တည်းမှာပဲ ဂါးဒီးယန်း သတင်းစာမှာ သူက အကျယ်တဝင့် ရိုဟင်ဂျာသမိုင်း ဆိုတဲ့သဘောမျိုးနဲ့ သူကဆောင်းပါးတစ်စောင် ရေးတယ်။ အဲဒီဆောင်းပါးကို အဗ္ဗဒူဂဖားတာက ဆူဒေတန်မွတ်ဆလင်ဆိုပြီး သူကရေးတာ။ ရေးတော့ ၁၉၅၁ ခုနှစ်လောက်မှာ ဂါးဒီးယန်းသတင်းစာမှာ ပါလာပြီးတော့ ၁၉၆၀ ပြည့်နှစ် မေလလောက် ကျတော့ အမ်အေတဟီဘသာဆိုပြီးတော့ နောက်တစ်ယောက်ကရေးတယ်။ ဒီလိုပဲ ရိုဝန်းညှာ ဆိုပြီးတော့ အဲဒီမှာလည်း ရိုဟင်ဂျာမဟုတ်သေးဘူး။ ရိုဝန်းညှာဆိုတဲ့လူမျိုး ဘယ်လိုပေါ်ပေါက်လာတယ် ဆိုတာ ဂါးဒီးယန်းသတင်းစာမှာ တစ်ခါရေးတယ်။
တစ်နည်းအားဖြင့် ၁၉၅၀ ကျော်လောက်မှ ဒီနာမည်က ထင်ထင်ရှားရှားစတင်ဖန်တီးလာတာ။ ဒီဟာဆိုရင် တိုင်းရင်းသားမဟုတ်တာသေချာသွားပြီ။ ဒီလူမျိုးဟာ နောက်မှ တမင်တကာဖန်တီးယူတဲ့ လူမျိုးဖြစ်တယ်ဆိုတာလည်း သေချာသွားပြီ။ ၁၉၅၃ ခုနှစ် စစ်တွေမှာ သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ စစ်တကောင်းဘက်ကနေပြီးတော့ ဝင်လာတဲ့ သူတွေကို ဘူးသီးတောင်- မောင်တောကလူတွေက အကုန်လုံးလက်ခံတယ်။ လာခိုင်းပြီးတော့ သန်းခေါင် စာရင်းထဲမှာ အတင်းထည့်ကြတယ်။ ထည့်တဲ့အခါ လူမျိုးဆိုတဲ့နေရာမှာ တချို့က ရခိုင်မွတ်ဆလင်ဆိုပြီး ထည့်တယ်၊ တချို့က ရိုဟင်ဂျာဆိုတာထည့်တယ်။
ဒါကြောင့်မို့ ကျွန်တော်တို့က သူတို့သုံးတဲ့ စကားလုံးက ဒီအနောက်တိုင်းမှာရှိတဲ့ သုတေသီ ပညာရှင်တွေပြောသလို ၁၉၅၀ ပတ်ဝန်းကျင်လောက်မှ စပြီးတော့ပေါ်ပေါက်လာခဲ့တာ လူမျိုး နာမည်အတုတစ်ခုဖြစ်တယ်ဆိုတာ မှန်းလို့ရတယ်။ တမင်တကာလုပ်ပြီး နိုင်ငံရေးအရ တမင်တကာ ဖန်တီးပြီးရယူတယ်ဆိုတာကို မှန်းဆလို့ရတယ်။


