၂၁  ဇွန်

ကမ္ဘာပေါ်တွင် အားကစားနည်းအမျိုးမျိုးရှိသော်လည်း အဓိကအားဖြင့် ၎င်းအားကစားနည်းများကို ခြုံငုံပြီး တူရာစု၍ အုပ်စုသုံးစု ခွဲခြားသတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။ ပထမအုပ်စု အမျိုးအစားကို social type ဟု သတ်မှတ်ပြီး လူအများစုဝေးတွေ့ဆုံ၍ ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် တစ်ဦးချင်း ကိုယ်လက်လှုပ်ရှားကစားရသော အားကစားနည်းမျိုး ဖြစ်ပါသည်။ ၎င်းအုပ်စုတွင် ယောဂ၊ ချိကုန်း၊ တိုက်ချိချွမ်၊ အေရိုးဗစ် အားကစားနည်းများ ပါဝင်ပါသည်။

ဒုတိယအုပ်စုအမျိုးအစားကို competitive type ဟု သတ်မှတ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်ပြိုင်ရသော အားကစားနည်းဖြစ်ပါသည်။ ဥပမာ - ကြက်တောင်ရိုက်ခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ သံလုံးပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘောလုံးကန်ခြင်းကဲ့သို့သော အားကစားနည်းများ ဖြစ်ပါသည်။ တတိယအုပ်စု အမျိုးအစားကို risk-taking types (dangerous activities) ဟု သတ်မှတ်ပါသည်။ ၎င်းအမျိုးအစားတွင် လက်ဝှေ့ထိုးပြိုင်ပွဲ၊ ပြိုင်ကားမောင်းပြိုင်ပွဲ၊ မော်တော်ဆိုင်ကယ်စီးပြိုင်ပွဲ၊ ရေစီးကြမ်းသော မြစ်ချောင်းများတွင် လှေစီးခြင်း၊ ရေခဲပြင်လွှာ လျှောစီးခြင်း၊ စကိတ်စီးခြင်း၊ အမြင့်ခုန်ခြင်း၊ ခရီးကြမ်းထွက်ခြင်း၊ တောင်တက်ခြင်းအားကစားနည်းများ ပါဝင်ပါသည်။

သဘာဝအန္တရာယ်များကို ရင်ဆိုင်

အားကစားအများစုသည် အနိုင်အရှုံး ဆုံးဖြတ်ပြီးယှဉ်ပြိုင်ကြရသော အားကစားနည်းများဖြစ်သည်။ လူသားအချင်းချင်း ယှဉ်ပြိုင်ကြရသော ပြိုင်ပွဲများဖြစ်ကြပါသည်။ သို့ရာတွင် တောင်တက်အားကစားနည်း၏ ထူးခြားချက်မှာ လူသားအချင်းချင်း ယှဉ်ပြိုင်ရသော ပြိုင်ပွဲမဟုတ်ဘဲ သဘာဝအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားအနိုင်ယူရသော အားကစားနည်းပင် ဖြစ်ပါသည်။

မြေသားတောင်၊ ကျောက်တောင်များကိုတက်လျှင် လေဒဏ်၊ မိုးဒဏ်၊ မောပန်း မှုဒဏ်၊ အတက်အဆင်း လမ်းချောမှုဒဏ်မျှလောက်သာ ခံစားရတတ်ပါသည်။ အသက်အန္တရာယ်ထိခိုက်မှု မရှိသလောက်ပင် နည်းပါးလှပါသည်။ အမြင့်ပေ ၁၀ဝ၀ဝ အထက် ရေခဲတောင်များကို တက်မည်ဆိုလျှင် လူသူအရောက်အပေါက် မရှိသလောက် နည်းပါးလှသော တောကြီးမျက်မည်း တောအထပ်ထပ် တောင်အစွယ်စွယ်ကို ကျော်ဖြတ်ရခြင်း၊ ရေစီးသန်လှသော ရေခဲချောင်းအသွယ်သွယ်ကို ကျော်ဖြတ်ရခြင်း၊ မိုးအမြဲရွာသွန်းနေခြင်းကြောင့် တစ်နေကုန်စိုစွတ်ပြီး တုန်ခိုက်နေအောင် ချမ်းလှသော ရာသီဥတုဒဏ်ကို ခံစားရခြင်း၊ မျှော့၊ ကျွတ်၊ တောင်ဖြုတ်တို့၏ နေရာမလပ် ကိုက်ခဲမှုကြောင့် ယားယံခြင်း၊ ရောင်ရမ်းခြင်းဒဏ်တို့ကို ခံစားရခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ အမြင့်ပေ ၁၀ဝ၀ဝ အထက်သို့ ရောက်ရှိပါက လေထုဖိအား(အောက်ဆီဂျင်) နည်းပါးသွားခြင်းကြောင့် အသက်ရှူမဝ၍ ပိုမိုမောပန်းမှုဒဏ်ကို ခံစားရခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ အိပ်မပျော်ခြင်း စသည့် ဝေဒနာများကို ခံစားရခြင်းများ ကြုံတွေ့ရတတ်ပါသည်။ ရေခဲပြင်ပေါ်တွင် ကြာကြာနေမိလျှင် လက်ချောင်း၊ ခြေချောင်း၊ နှာခေါင်း၊ နားရွက်၊ ခြေလက်များ၊ အသားအရေများ နှင်းကိုက်ခြင်းကြောင့် ပွန်းပဲ့ခြင်းများ၊ ပြတ်တောက်ခြင်းများ ဖြစ်တတ်ပါသည်။

တောင်အမျိုးအစားပေါ်မူတည်ပြီး ကြိုတင်လေ့ကျင့်

တောင်တက်ခရီးစဉ်တစ်ခုသွားမည်ဆိုပါက သွားတက်ရောက်မည့် တောင်အမျိုးအစားပေါ် မူတည်ပြီး ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ကြရပါသည်။ နေ့ချင်းပြန် တက်ရောက်ရသောတောင်များ (မြင်းမထိတောင်၊ ဆင်တောင်၊ အရှေ့မြင် အနောက်မြင်တောင်၊ မဲနယ်တောင်၊ ယစကြီတောင်)၊ တောတွင်း တစ်ညအိပ်၊ နှစ်ညအိပ် စခန်းချပြီး တက်ရသောတောင်များ (ဝိတိုရိယတောင်)၊ တောတွင်း အသွား အပြန် ၁၄ ရက်၊ ၁၅ ရက်ခန့် စခန်းချတက်ရောက်ရမည့် အမြင့် ၁၀ဝ၀ဝ အထက် ရေခဲတောင်များ (ဖွန်ဂန်ရာဇီ၊ ဖန်ဂရန်ရာဇီ၊ အီမောဘွန်း၊ မဒွယ်၊ စာရာမေတိ၊ လွန်ခရုမာဒင်) စသည်ဖြင့် ခွဲခြားသတ်မှတ်ထားပြီး လေ့ကျင့်ကြရပါသည်။

နေ့စဉ်လေ့ကျင့်မှုများ ပြုလုပ်နိုင်လျှင် ကောင်းမွန်သော်လည်း အဓိကအားဖြင့် စနေ၊ တနင်္ဂနွေ နံနက် ၅ နာရီ ဝန်းကျင်မှစတင်ပြီး ပေါင် ၂၀ ဝန်းကျင် ကျောပိုးအိတ် များလွယ်၍ အသွားအပြန် ၁၂ မိုင်ဝန်းကျင်ခန့် ၃ နာရီကျော်ကြာ အချိန်တိုအတွင်း လျှောက်နိုင်အောင် အပတ်စဉ်လေ့ကျင့်ကြရပါသည်။

ခရီးစဉ်ပေါ်မူတည်ပြီး သုံးလမှ တစ်နှစ်ပတ်လုံး လေ့ကျင့်ကြရပါသည်။ ကြားရက်များတွင်လည်း အဖွဲ့လိုက်သော် လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း လိုအပ်သလို လေ့ကျင့်ကြရပါသည်။ ကုန်းတက်ကုန်းဆင်း လေ့ကျင့်ခန်းများ၊ အခက်အခဲဖြတ်ကျော် ခရီးစဉ်တိုလေးများလည်း သွားရောက်လေ့ကျင့်ရပါသည်။ ခရီးစဉ်အတွင်း အသုံးပြုရမည့် လိုအပ်မည့်ပစ္စည်းများ၊ ဆေးဝါးများ ယူဆောင်လာရန်လည်း အသိပေးမှာကြားရပါသည်။ ရေခဲတောင်တက်မည်ဆိုလျှင် လမ်းလျှောက် တုတ်၊ ရေခဲစီးဖိနပ်၊ ရေခဲပြင်သုံးမျက်မှန် စသည်တို့ ပါရှိရပါမည်။ ခရီးစဉ်တစ်လျှောက်လုံး လိုက်နာရမည့် အသင်းက ချမှတ်ထားသော စည်းကမ်းများ၊ သွားရောက်ရာအရပ် ဒေသ၏ လိုက်နာရမည့် ဓလေ့ထုံးစံများ၊ ရှောင်ရန်ဆောင်ရန် အချက်များအားလုံးကိုလည်း ခရီးမစတင်မီ လေ့ကျင့်နေသည့် အချိန်မှစ၍ ခရီးစဉ်ပြီးဆုံးသည်အထိ နေ့စဉ် သတိပေးပြောကြားရပါသည်။

အန္တရာယ်အကင်းဆုံးလမ်းမှတက်

ခရီးစဉ်အတွင်း ရေစီးသန်သော ချောင်းများဖြတ်လျှင် ရေစီးနှင့်မျောပါမသွားစေရန် တောင့်တင်းခိုင်မာသောကြိုးများကို အသုံးပြု၍ ဖြတ်သန်းရပါသည်။ ၈၀ ဒီဂရီ၊ ၉၀ ဒီဂရီ မတ်စောက်သော ချောက်ကမ်းပါးများ၊ တောင်နံရံများကို အတက်အဆင်းပြုမှသာ ကြိုးကိုအသုံးပြုကြရပါသည်။ ပုံမှန်အားဖြင့် တောင်စောင်းများကိုပတ်၍ လမ်းရှာပြီး အန္တရာယ်အကင်းဆုံးလမ်းမှ တက်ကြသောကြောင့် ကြိုးအသုံးပြုရခြင်း မရှိသလောက်ပင်ဖြစ်ပါသည်။ တောင်စတက်တော့မည်ဆိုလျှင် အဖွဲ့သုံးဖွဲ့ ဖွဲ့၍တက်ကြရပါသည်။ ရှေ့ဆုံးနှင့် နောက်ဆုံးမှလိုက်ပါမည့် အဖွဲ့တွင် ဒေသခံလမ်းပြနှင့် အတွေ့အကြုံရှိသော ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းသော အမာခံအဖွဲ့ဝင်များလိုက်ပါပြီး အလယ်မှ ကျန်သောအဖွဲ့ဝင်များက လိုက်ပါကြရပါသည်။ အလယ်အဖွဲ့မှ အဖွဲ့ဝင်များသည် ရှေ့အဖွဲ့ကို ကျော်တက်၍မရသလို နောက်ချန်အဖွဲ့၏ နောက်မှလည်း လိုက်၍ မရပါ။

အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသူများအားလုံးကို နောက်ဆုံးအဖွဲ့မှ စောင့်ဆိုင်းပြီးခေါ်ယူရပါသည်။ ဆီးနှင်းရေခဲပြင်ပေါ်လျှောက်လျှင်လည်း အထက်ပါပုံစံအတိုင်း တစ်ယောက်ချင်းစီတန်းပြီး ရှေ့ဆုံးမှလျှောက်သည့် ဒေသခံ လမ်းပြ၏ ခြေရာအတိုင်းနင်း၍ ဘေးချော်မထွက်စေရန်၊ ခြေလှမ်းမှား မသွားစေရန် အထူးသတိထားပြီး လျှောက်ကြရပါသည်။ ဆီးနှင်းအထူအပါး မခန့်မှန်းနိုင်၍ ရေခဲထဲ ကျွံမဝင်သွားစေရန်နှင့် ယိမ်းယိုင်၍ လဲကျမသွားစေရန် အထူးသတိပြုကြရပါသည်။ အဖွဲ့သားအားလုံး တောင်ထိပ်သို့ရောက်သည်နှင့် တောင်တက်ခရီးစဉ် ပြီးဆုံးသွားသည် မဟုတ်ပေ။ အဖွဲ့သားများအားလုံး စတင်ထွက်ခွာရာ စုရပ်သို့ ပြန်ရောက်ကြမှသာလျှင် တောင်တက်ခရီးစဉ် အောင်မြင်စွာပြီးဆုံးမည်ဖြစ်ပါသည်။

ရေခဲတောင်တက်ခရီးစဉ်များ သွားရောက်မှုများလာ

ယခင်က ရေခဲတောင်တက်ခြင်းကို တောင်တက်အသင်းများမှ အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် Adventure Tour ကို စိတ်ဝင်စားသည့် ကမ္ဘာလှည့်ခရီးသည်များသာ သွားခဲ့ကြပါသည်။ ယခုအခါတွင် ဆက်သွယ်ရေး ကိရိယာများ၊ မှတ်တမ်းတင်ကင်မရာများ အံ့မခန်းတိုးတက်လာသည့်အတွက် အသိအမြင် ပိုမိုကျယ်ပြန့်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့် အသင်းအဖွဲ့လိုက် လည်းကောင်း၊ ဝါသနာတူများစု၍လည်းကောင်း ရေခဲတောင်တက်ခရီးစဉ်များ သွားရောက်မှုများပြားလာသည်ကို တွေ့ရှိ ကြားသိနေရပါသည်။ ကမ္ဘာပေါ်တွင်လည်း ကမ္ဘာ့အမြင်ဆုံး တောင်ထိပ်ပေါင်းများစွာတို့သို့ ကမ္ဘာ့နေရာဒေသအသီးသီးမှ တောင်တက်သမားပေါင်းများစွာတို့ တက်ရောက်လျက်ရှိနေကြပါသည်။

တောင်တက်အားကစားနည်းများသည် စွန့်စားဝံ့သူများ၊ စွန့်စားလိုသူများအတွက်သာ ဖြစ်ပါသည်။ အန္တရာယ်အသွယ်သွယ်ကို ကျော်ဖြတ်၍ ရရှိသော အောင်မြင်မှုပီတိသည် မည်သည့်ပီတိနှင့်မျှ တူမည်မဟုတ်ပါ။ မိမိအတွက်သာမက မိမိကိုယ်စားပြုရာ လူမျိုး၊ ဒေသ၊ နိုင်ငံအတွက် ဂုဏ်သတင်းရရှိစေရန် သက်စွန့်ယှဉ်ပြိုင်ကြခြင်း ဖြစ်ပါသည်။ မိမိလူမျိုး၊ ဒေသ၊ နိုင်ငံ့ဂုဏ်တက်စေရန်အတွက် ယှဉ်ပြိုင်ရင်း အသက်စွန့်သွားကြသူ အားကစားသမားများစွာကို တွေ့ မြင်ကြားသိ နေရပေသည်။

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ဧဝရက်တောင်တက်ရင်း သေဆုံးခဲ့သူပေါင်းမှာ ၁၉၂၁ မှ ၂၀၁၈ ခုနှစ်အတွင်း စုစုပေါင်း ၂၉၃ ဦးရှိခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ၁၁ ဦး အသက်ဆုံးရှုံးခဲ့ပါသည်။ ကမ္ဘာအရပ်ရပ်ရှိ အခြားသောတောင်များတွင်လည်း သေဆုံးမှုများစွာရှိခဲ့ကြပါသည်။

အခြားအားကစားနည်းများဖြစ်သည့် လက်ဝှေ့ထိုးအားကစားခြင်းဖြင့်လည်း လူ ၅၀ဝ နီးပါးခန့် သေဆုံးခဲ့ပြီး နှစ်စဉ် ၁၀ ဦးနီးပါး သေဆုံးကြောင်း သိရှိရပါသည်။ စကိတ်စီးသည့် အားကစားနည်းတွင် ၂၀ဝ၆ မှ ၂၀၁၆ ခုနှစ်အတွင်း နှစ်စဉ် ၂၀မှ ၅၀ အတွင်း သေဆုံးကြောင်း တွေ့ရှိရပါသည်။ Formula One ကားမောင်းပြိုင်ပွဲ တွင် ၁၉၅၂ မှ ၂၀၁၄ ခုနှစ် အတွင်း ဗြိတိန်နိုင်ငံမှ ကားမောင်းသူ ၁၄ ဦး သေဆုံးခဲ့ပြီး ၁၉၅၃ မှ ၁၉၇၅ ခုနှစ်တွင်း အမေရိကန်နိုင်ငံမှ ကားမောင်းသူ ၁၀ ဦး သေဆုံးခဲ့ပါသည်။

အသက်အန္တရာယ်ရှိမှန်းသိလျက်နှင့် အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွာစွန့်စားခဲ့ကြသော နယ်ပယ်အသီးသီးမှ အားကစားသမားများ အားလုံးကို လေးစားစွာ ဦးညွှတ်ဂုဏ်ပြုလျက် . . . ။

ဆွေမြင့်မိုရ်