ချောင်းဦး ၂၇ ဒီဇင်ဘာ

 

ချောင်းဦးမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသော နိုင်ငံခြားဈေးကွက်ဝင် သခွားမွှေးသီးနှံ စိုက်ခင်းများတွင် ငရုတ်သီးနှံများကို သီးညှပ်စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်၏ ပြောကြားချက်အရ သိရသည်။

 

ငရုတ်သီးနှံကို သခွားမွှေးခင်းများတွင် သီးညှပ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေနှစ်မျိုးရသဖြင့် မြေကို အကျိုးရှိစွာ အသုံးချစိုက်ပျိုးနိုင်သဖြင့် သခွားမွှေးသီးနှံစိုက် တောင်သူများမှ ငရုတ်သီးနှံ သီးညှပ်စိုက်ပျိုးခြင်းကို စိတ်ဝင်စားလာခြင်းဖြစ်သည်။

 

သခွားမွှေးသီးနဲ့ ရောစိုက်တာဆိုတော့ သွင်းအားစုအတွက် ထပ်ပြီးမကုန်တော့ဘူး၊ အရင်ကလည်း စိုက်တယ်၊ မတုံးမချင်းခူးနေရတယ်၊ ခုနစ်လပိုင်းလောက်အထိ ခူးလို့ရတယ်၊ သခွားမွှေးစိုက်ပြီးရင် ငရုတ်က ကျန်ခဲ့မယ်၊ သခွားမွှေးစိုက်တဲ့နေရာမှာပဲ တောင့်ရှည်ထပ်စိုက်မယ်၊ တစ်နှစ်ကိုသီးနှံ(၃)မျိုး စိုက်လို့ရတယ်၊ ဟိုတုံးကတော့ သခွားမွှေးစိုက်ပြီးလို့ ငရုတ်မစိုက်ရင် ပဲတီစိမ်း၊ ကုလားပဲသီးနှံကို စိုက်ကြတယ်၊ သီးနှံတစ်မျိုးကတော့ သေချာပေါက် ဈေးရမှာဖြစ်လို့ သီးညှပ်စိုက်တာကို စိတ်ဝင်စားတာပါဟု ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာမှ သခွားမွှေးနှင့် ငရုတ်သီးနှံကို သီးညှပ် စိုက်ပျိုးသူ ကိုနန်းထက်က ပြောသည်။

 

ယခုနှစ်ဆောင်းရာသီ သခွားမွှေးစိုက်ရာသီတွင် ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ၌ နိုင်ငံခြား ဈေးကွက်ဝင် သခွားမွှေး စိုက်ခင်းများတွင် ငရုတ်သီးနှံကို သီးညှပ်စိုက်ပျိုးသည့် ဧက (၃၀ဝ)ကျော် ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)