နေပြည်တော် ၂ မေ

သက်ကြီးဘိုဘွားများတွင် အပေါ်သွေး 140 mmHg နှင့် အထက်ကျော်လျှင် သို့မဟုတ် အောက်သွေး 90 mmHg ကျော်လျှင် သွေးတိုးရောဂါရှိသည်ဟု သတ်မှတ်ပါသည်။

သွေးတိုးရောဂါဖြစ်ပွားရသော အကြောင်းအရင်းများ

မျိုးရိုးဗီဇရှိခြင်း

ဆေးလိပ်သောက်ခြင်း

အရက်သောက်ခြင်း

ကိုယ်လက်လှုပ်ရှားမှု နည်းပါခြင်း

အဆီနှင့်အငန်ကို လွန်ကဲစွာစားသောက်ခြင်း

ပိုတက်စီယမ်ဓါတ်နှင့်အမျှင်ဓါတ် စားသုံးမှုနည်းပါးခြင်း

စိတ်ဖိစီးမှုများပြားခြင်း

သွေးတိုးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

သွေးတိုးရောဂါ နောက်ဆက်တွဲအဖြစ် နှလုံးရောဂါ၊ လေငန်းရောဂါနှင့် ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်ပွားနိုင်ပါသည်။

သွေးပေါင်ကျတတ်သော အခြေနေများ

အချို့သော အသက်ကြီးသူများမှာ အစာစားပြီးစအချိန်တွင် သွေးပေါင်ကျတတ်ပါသည်။ 55 mmHg မှ 20 mmHg အထိကျနိုင်ပါသည်။ အထူးသဖြင့် အစာပူပူစားပြီးချိန်၊ အရက်သောက်ပြီးစချိန် တို့တွင် ဖြစ်တတ်ပါသည်။ သွေးပေါင်ကျခြင်းမှာ (၂) နာရီမှ (၃) နာရီ အထိကြာမြင့်နိုင်ပါသည်။

သက်ကြီးဘိုးဘွားများ သွေးပေါင်ချိန်ရာတွင် သတိပြု ဆောင်ရွက်ရမည့် အချက်များ

သွေးပေါင်ချိန်သည့်အခါ လူနာကို အတန်အသင့် အနားယူချိန်ပေးပြီး နှစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်အထက် တိုင်းယူသင့်ပါသည်။ သက်ကြီးဘိုးဘွားများ ဆေးခန်းများတွင် ထိုင်လျက်သွေးပေါင်ချိန်သာမက မတ်တပ်ရပ်လျက် သွေးပေါင်ချိန်ကို တိုင်းယူခြင်းဖြင့် မတ်တပ်ရပ်ချိန်တွင် သွေးပေါင်ကျခြင်းကိုသတိပြုနိုင်ပါသည်။ သို့မှသာ သွေးကျဆေးများပေး၍ သွေးတိုးချိန်ညှိရာတွင် မတ်တပ်ရပ်လျက် အချိန်တွင်ရှိသော သွေးပေါင်ချိန်ကိုပါထည့်သွင်း စဉ်းစားမှ ပိုမိုထိရောက်စွာ ကုသနိုင်မည်ဖြစ်ပြီး မတ်တပ်ရပ်ချိန် သွေးပေါင်ချိန် လျော့ကျခြင်းကြောင့် ခံစားရသည့် မူးနောက်ခြင်း၊ ယိမ်းယိုင်ခြင်း၊ လဲကျခြင်းများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

သွေးတိုးရောဂါကုသမှုခံယူနေစဉ် လိုက်နာရမည့်အချက်များ

ကိုယ်အလေးချိန်လျော့ချပါ။

ဆားအငန်ဓါတ်ကိုလျှော့စားပါ။ ဟင်းသီးဟင်းရွက်နှင့် အမျှင်ဓါတ်များပါသော အစားသောက်များကို စားသုံးပါ။

ပုံမှန်ကာယလေ့ကျင့်ခန်းပြုလုပ်ပါ။

ဆေးလိပ်ဖြတ်ပါ။

တတ်နိုင်ပါက အရက်ဖြတ်ပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN