ရန်ကုန် ၂၅ ဒီဇင်ဘာ
မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံစာရေးဆရာအသင်းရုံး၌ ကျင်းပသည်။
အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတရုံးမှ ငွေကျပ် ၈,၃၇၀,၀၀၀ နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာနှင့် စာပေအဖွဲ့အစည်းများ၊ မြို့နယ်စာရေးဆရာအသင်းများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် သံအမတ်ကြီးများ၊ စာရေးဆရာမိသားစုဝင်များ၊ တစ်ဦးချင်းအလှူရှင်များ၊ ရုပ်ရှင်မိသားစုဝင်များက အလှူငွေများ လှူဒါန်းကြရာ အလှူငွေနှင့် စာအုပ်စာပေလှူဒါန်းမှု စုစုပေါင်းငွေကျပ် ၅၇,၈၄၈,၀၀၀ လက်ခံရရှိခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)နှင့် တာဝန်ရှိသူများက အလှူငွေများကိုလက်ခံပြီး ဘဏ္ဍာငွေရှာဖွေ ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က ကျေးဇူးတင်စကား ပြောကြားသည်။
အသက် ၈၀ နှင့် အထက်ရှိ စာရေးဆရာကြီးများ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းဝင်များ၊ ထင်ရှားကျော်ကြားသည့် စာပေပညာရှင်များကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ပူဇော်ကန်တော့ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


