၂၀ ဇွန်
မြန်မာနိုင်ငံဆရာဝန်အသင်းက ကြီးမှူးပြုလုပ်သည့် ဂီတသံစဉ်ဖန်တီးရှင် တေးဂီတရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဇွန် ၂၃ ရက် ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည်ဟု သိရသည်။
“ ဒီပွဲလေးလုပ်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်၊ ကျွန်တော်တို့ကို ပညာတွေ သင်ကြားပေးခဲ့ကြတဲ့ ဆရာတွေကို ပြန်ပြီးပူဇော်ရတယ်ပေါ့နော်၊ အခုဆိုရင် အကြိမ်ရေ အားဖြင့် ၃၅ ကြိမ်မြောက်ရှိပါပြီ၊ ဒါကကန်တော့ခဲ့တာပေါ့နော်၊ ရန်ပုံငွေပွဲလုပ်တာတော့ ခြောက်ကြိမ်မြောက်ရှိပါပြီ၊ ကျွန်တော်တို့ကတော့ သက်ကြီးဆရာဝန်တွေကို ဒီလိုပွဲလေးလုပ်ရတဲ့အတွက် ဆရာသမားတွေ အချင်းချင်း ပြန်လည်တွေ့ဆုံရတယ်၊ တပည့်တွေနဲ့လည်းတွေ့ရတယ်၊ အဲဒီအတွက်ကြောင့် ဆရာကြီးတွေ၊ ဆရာမကြီးတွေက ဝမ်းသာကြတယ်၊ ကျွန်တော်တို့လည်း ပီတိဖြစ်ရတယ်၊ အရင်နှစ်တွေကဆို ကျွန်တော်တို့ ဆရာကြီးတစ်ဦးကို ငွေကျပ် သုံးသောင်းလောက်ပဲ ပေးနိုင်တယ်၊ အခုနှစ်တွေကျတော့ တစ်ဦးကို ငွေကျပ် တစ်သိန်းပေးနိုင်ခဲ့ပါပြီ "ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြကပြောသည်။
အသက် ၇၅ နှစ်အရွယ် ဆရာဝန်ကြီးများကို ပူဇော်ကန်တော့ရန်အတွက် အဓိက ထားကျင်းပသောပွဲဟု သိရသည်။ ယင်းပွဲတွင် မြန်မာသံအဆိုတော်မောင်သိန်းဝင်း၊ သန်းမြတ်စိုး၊ ပီတာဘသိန်း ၊ ကိုင်ဇာ ၊ စန္ဒရားသိန်းမြင့်သန်း ၊ချိုပြုံး၊ သန်းသန်းနွယ်တို့ သီဆိုမည်ဖြစ်ပြီး ခေတ်ပေါ်တေးဂီတဖြင့် အဆိုတော် ဖိုးကာ၊ ဖြိုးပြည့်စုံ၊ ကော်နီ ၊ မေခလာ ၊ နော်လီဇာ ၊ မေဆွိနှင့် မိတ်ကပ်အလှဖန်တီးရှင် များကလည်း အကပဒေသများဖြင့် ဖျော်ဖြေမည်ဟုသိရသည်။
ကိုလင်း