ရန်ကုန် ၁၅ သြဂုတ်
ရန်ကုန်မြို့ တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်းရှိ သက်ကြီးဆရာဝန်များစင်တာ၌ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရှုထောင့်နှင့်ပတ်သက်သည့် ဟောပြောပွဲတစ်ရပ်ကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဥပဒေပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာမြင့်ဇံက လွန်စွာနာမကျန်းဖြစ်နေသည့် လူနာကို ဆေးပညာနည်းမျိုးစုံဖြင့် အသက်ဆက်ရန် ပြုလုပ်မှုများကို ရပ်ဆိုင်းသင့်/ မရပ်ဆိုင်းသင့် အကြောင်းနှင့်ပတ်သက်၍ နိုင်ငံခြားတရားရုံးများမှ ဥပဒေဆိုင်ရာဆုံးဖြတ်ချက်အချို့ကို ကောက်နှုတ်ဟော ပြောခဲ့သည်။
“လူတစ်ယောက်က ထိခိုက်မှုတစ်စုံတစ်ရာကြောင့်သော်လည်းကောင်း၊ အကြောင်းအရာတစ်ခုခုကြောင့် သော်လည်းကောင်း ဦးနှောက်ကတော့ အသက်ရှင်ကျန်နေတယ်၊ နာကျင်မှုလည်း တစ်ခါတစ်လေ ခံစားနိုင်တယ်။ ဒါပေမယ့် စကားမပြောနိုင်ဘူး။ မလှုပ်နိုင်ဘူး။ မျက်စိလောက်ပဲ လှုပ်နိုင်မယ်။ အဲဒီလို အခြေအနေမျိုးမှာ ကြိုတင်ပြောဆိုချက်မရှိဘူးဆိုရင် သူ့ကိုတပ်ထားတဲ့ အစာပိုက်တွေ၊ အသက်ရှူပိုက်တွေကို သူ့မိသားစုက တောင်းဆိုခဲ့လို့ရှိရင် ဖြုတ်သင့်မဖြုတ်သင့်ဆိုတာ နိုင်ငံခြားတရားရုံးတွေမှာ လွန်ခဲ့တဲ့ နှစ် ၂၅ နှစ်ကျော် လောက်ကတည်းက ဖြစ်ခဲ့တာ အများကြီးရှိတယ်” ဟု ဒေါက်တာမြင့်ဇံက ပြောကြားသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်ပနိုင်ငံတရားရုံးများတွင် ကျင့်သုံးသော ဥပဒေဆိုင်ရာ ကောက်ချက်၊ ဒဿနဗေဒဆိုင်ရာကောက်ချက်၊ လူမှုရေးဆိုင်ရာကောက်ချက်များအကြောင်းကို ဒေါက်တာမြင့်ဇံက ဆွေးနွေးဟောပြောခဲ့သည်။
မြန်မာနိုင်ငံတွင် ထိုသို့ အမှုအခင်းဖြစ်လောက်သည့်အထိ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ မပေါ်ပေါက်သေးသော်လည်း ယင်းနှင့်ပတ်သက်၍ ဥပဒေကောက်ချက်များ၊ လူမှုရေးဆိုင်ရာပြဿနာ အခက်အခဲများသည် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့်အတွက် ကြိုတင်ဆွေးနွေးထားသင့်ကြောင်း ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာမြင်ဇံက ပြောကြားသည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၌ လူနာတစ်ယောက်၏ ကြိုတင်ညွှန်ကြားချက်ကို ၎င်းမေ့မျောသွားသည့်အခါ သာမန်အားဖြင့် ဆရာဝန်များအနေဖြင့် လိုက်နာသင့်ကြောင်း တရားရုံးများက ဆုံးဖြတ်သည်ဟု သိရသည်။
သက်ကြီးဆရာဝန်များစင်တာအား အသက် ၇၀ ကျော် ဆရာဝန်များ နေမကောင်းဖြစ်ပါက ကူညီထောက်ပံ့နိုင်ရန်အတွက် ထူထောင်ထားခြင်းဖြစ်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


