ရန်ကုန် ၃၀ ဒီဇင်ဘာ
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပသည့် သက်ကြီးဂီတပညာရှင်ကြီးများအား နဝမအကြိမ်မြောက် ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Gandamar Wholesale Grand Ballroom ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)နာယကကြီးများ၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သက်ကြီးဂီတပညာရှင်ကြီးများအား ကန်တော့ကြိုးဖြင့် ကန်တော့ကြပြီး သက်ကြီးဂီတပညာရှင်ကြီးများကိုယ်စား စည်သူဒေါက်တာ ဗိုလ်ကလေးတင့်အောင်က မုဒိတာစကား မြွက်ကြားချီးမြှင့်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ဦးစီးချုပ်နှင့် ကြည်း၊ ရေ၊ လေမိသားစုများက အလှူငွေကျပ်သိန်း ၁၀၀၊ ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ် ၅ သိန်းနှင့် အလှူရှင်များက အလှူငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး တက်ရောက်လာကြသည့် သက်ကြီးဂီတပညာရှင်ကြီးများအား လှူဖွယ်ပစ္စည်းများဖြင့် ဂါရဝပြု အလှူငွေများပေးအပ်ကြသည်။
ယနေ့ကျင်းပသည့် သက်ကြီးဂီတပညာရှင်ကြီးများ နဝမအကြိမ်မြောက် ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် အသက် ၈၀ နှင့်အထက် ကန်တော့ခံသက်ကြီးဂီတပညာ ရှင်ကြီး ၈၀ ၊ အသက် ၇၅ နှစ် နှင့်အထက် ကန်တော့ခံသက်ကြီးဂီတပညာရှင်ကြီး ၆၂ ဦး တို့ပါဝင်ကြောင်း သိရသည်။
အသက် ၇၅ နှစ်နှင့်အထက် ကန်တော့ခံ သက်ကြီးဂီတပညာရှင်ကြီးများ ကန်တော့ခြင်းကို ယမန်နှစ်မှစတင်ခဲ့ပြီး ဂီတနှင့်ပတ်သက်၍ နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သူများအား အလွှာပေါင်းစုံပါဝင်သည့်ကော်မတီမှ စံသတ်မှတ်ရွေးချယ်ခဲ့ကြောင်းနှင့် ယခုပွဲသို့ ကျန်းမာရေးအခြေအနေကြောင့် မတက်ရောက်နိုင်သူများအား မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ကတာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဥမ္မာစန္ဒီ
ဓာတ်ပုံ-ဇော်မင်းလတ်
{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}